(၆၂) စာလွှာ || စာလႊာ

16.1K 2.7K 122
                                    

{Unicode}

စာလွှာ
*****


ဧကရာဇ်၏ ခွင့်ပြုချက်နှင့်အတူ စုန့်စုန့်သည် မယ်တော်ကြီးထံ (၅)ရက်တစ်ကြိမ် အချိန်မှန် ဂါရဝသွားပြုကာ စကားစမြည်ပြောကြသည်။ သူ ရောက်သွားချိန်တိုင်း လီရှုလည်း ရှိနေတတ်လေသည်။ မင်းသားငယ်လေးသည် သူ့အတွက် ရှားပါးသောသရေစာမုန့်အချို့ကိုပင် ယူလာပေးတတ်၏။ ယခုအချိန်တွင် စုန့်စုန့်က အနံ့ပြင်းသော အစားအသောက်များကို မမြင်နိုင်၊ မစားနိုင်ကြောင်း သူ သိသောကြောင့် သူ ယူလာသမျှက အချဉ်အချို့၊ အစပ်အချို့နှင့် အမြဲ ထူးခြားနှစ်သက်ဖွယ်အနံ့အရသာရှိနေတတ်သည်။

ဧကရာဇ်၏ကြင်နာမှုကို ကျေးဇူးသိတတ်စွာဖြင့် စုန့်စုန့်သည်လည်း မုန့်များပို့ပေးတတ်၏။ ဧကရာဇ်အိုကြီးကလည်း သူ့ကို အလွန်သဘောတွေ့သည်။ ဧကရာဇ်ကြီးသည် သူ အားမာန်ပြည့်ဝသည်ဟု ခံစားရသည့်နေ့များတွင် စုန့်စုန့်ကို လီရှောင်း၏ အတိတ်မှ စိတ်ဝင်စားဖွယ်ဇာတ်လမ်းများ ပြောပြတတ်သေး၏။

....................

ယနေ့တော့ စုန့်စုန့် သူ့ဆိုင်ကို သွားရောက်စစ်ဆေး၏။ အဆာသွတ်မုန့်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားသော် အထဲဝင်သွားပြီး မုန့်ပေါင်းတစ်ထုပ် ဝယ်လိုက်သေးသည်။

ခုတလော သူ အလွန်အစားကြီးလာ၏။ အစားအစာအနံ့ရသည်နှင့် သူ့ဗိုက်က အလိုလိုဆာလာတတ်သည်။ သူ့လက်ထဲတွင် စက္ကူအိတ်ကို ကိုင်ထားစဉ်၌ပင် အလျင်အမြန် နှိုက်ယူစားသောက်ချင်နေမိသည်။ သို့သော် လမ်းဘေးတွင် စားရန်က သိပ်မသင့်လျော်သောကြောင့် သူ့ရထားလုံးထဲသို့ ပြန်ဝင်ရလေသည်။ ထိုအချိန်တွင် သူ သတိလွတ်သွားပြီး အမျိုးသမီးတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။

ရှုခိုးကို သူ သိသည်။ ရှုခိုးက ရုံဝမ်ရယ်အသက်ကြီးမှ ရရှိလာသည့် တစ်ဦးတည်းသော သမီးတော်ဖြစ်သည်။ ရုံဝမ်ရယ်သည် သူ့တစ်ဘဝလုံးကို သံချပ်ကာယန္တရားတပ်သားများနှင့်သာ ကုန်ဆုံးခဲ့၏။ သူ့တွင် အထင်ကြီးလောက်သော စစ်မှုထမ်းမှတ်တမ်းတစ်ခုရှိသည်။ ဧကရာဇ်ဟုန့်ရန်အဖို့တော့ သူက ရင်းနှီးသည့်သူငယ်ချင်းတစ်ဦးကဲ့သို့ပင်။ သို့ဖြစ်ရာ သူ ကွယ်လွန်သွားသည့်အခါ သူ၏တစ်ဦးတည်းသောသမီးတော်ကို ဧကရာဇ်ထံ ယုံကြည်စွာအပ်ထားခဲ့လေသည်။ ဟုန့်ရန်ကလည်း သူ့မျှော်လင့်ချက်တို့ကို စိတ်မပျက်စေခဲ့ဘဲ ရှုခိုးကို မွေးစားသမီးတော်အဖြစ် သတ်မှတ်ခဲ့သည်။ သူကိုယ်တိုင်ပင် မင်္ဂလာပွဲကို စီစဉ်ပေးခဲ့သေး၏။ ချင်အန်း ရှုခိုးကို ထိမ်းမြားစဉ် ဝန်ကြီးချုပ်အိမ်တော်ရှိ အခမ်းအနားပွဲကြီးမှာ နှိုင်းယှဉ်စရာမရှိအောင်ပင် ခမ်းနားကြီးကျယ်လွန်းခဲ့ပေသည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now