အခန်း (၁၄၀၅) : နင် ဘာလို့ အဲ့လိုလုပ်ရတာလဲ…..ငါ နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး
“ အမယ်လေးနော်…နင် ဘယ်လိုလုပ်ပြီးတော့ အဲ့လိုလုပ်ရဲတဲ့ သတ္တိတွေ ရှိသွားတာလဲ” စန္ဒီက အာနိုးအကြောင်းကို လုံးဝ မေ့လျော့နေသည်။ သူမရဲ့ နီရဲပြီး မျက်ရည်ဝဲနေသော မျက်လုံးဖြင့် ကြည့်ကာ ပြောလိုက်သည်
“ နင်သာ တစ်ခုခုဖြစ်သွားရင် ငါဘယ်လိုလုပ်ရမလဲ။ ငါ့မှာ ပါတနာ၁၁ ယောက်နဲ့ သားသုံးယောက်ရှိပေမဲ့ သူငယ်ချင်းကတော့ နင်တစ်ယောက်ထဲပဲ ရှိတာ။ နင်က ငါ့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို သိတယ်မလား။ နင် ဘာမှမစဉ်းစားပဲနဲ့ ခုန်ချသွားတယ်ပေါ့လေ ဂူမန်မန်….အဟင့်…ဟင့်…ဟင့်….နင် ဘယ်လိုလုပ်ပြီးတော့ လုပ်ရဲရတာလဲ။ ငါ နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
စန္ဒီ မငိုဖြစ်တာ အတော်လေးကြာပြီ ဖြစ်သည်။
သူမ ပါတနာငါးယောက်ကို ဆုံးရှုံးပြီးနောက်ပိုင်း မငိုဖြစ်တော့တာကြာပြီ ဖြစ်သည်။
အဲ့ဒီကတည်းက သူမ ရုတ်တရက် ရင့်ကျက်သွားကာ ဂူမန်မန်အစား ဟဲတျဲနဲ့ကျာလွဲ့ကိုလည်း စောင့်ရှောက်ပေးခဲ့သည်။ စန္ဒီမှာ အရင်ကတည်းက ဝံပုလွေပါတနာသာ ရှိခဲ့ပါက ဟဲတျဲနဲ့ ကျာလွဲ့ကို သူမရဲ့သားတွေဟုပင် အထင်မှားနိုင်သည်။
ဒီလို စိတ်ဓာတ်ခိုင်မာလာသော စန္ဒီပင် ဂူမန်မန် ချောက်ကမ်းပါးပေါ်ကနေ ခုန်ချတဲ့အကြောင်းကို ကြားပြီးတော့ မျက်ရည်ဝဲလာရသည်။
စန္ဒီကို အဲ့ဒီအကြောင်းပြောပြလိုက်ပါက သူမကို သေချာပေါက် စိတ်ဆိုးလိမ့်မည်ဆိုတာကို ဂူမန်မန်သိသည်။ အဲလ်ဗစ်နဲ့ လီရာအပြင် စန္ဒီသာ သူမကို အခုလိုမျိုး ဆူပူကြိမ်းမောင်းရဲသည်။
ဂူမန်မန်က သူမ မှားသွားတာကို သိသလို စန္ဒီမျက်ရည်ကျနေတာကိုလည်း မမြင်ရက်သည့်အတွက် စန္ဒီကို ချော့ရတော့သည်
“ အင်းပါ စန္ဒီရယ်….မငိုပါနဲ့တော့….နင်ငိုနေရင် ငါလည်း စိတ်မကောင်းဘူး။ ငါမှားသွားပါတယ်။ ငါ တကယ်ကို မှားသွားပါတယ်။ ငါ အဲ့လိုမျိုး ဘယ်တော့မှ နောက်ထပ် မလုပ်တော့ပါဘူး။ ငါ အခု နင့်ရှေ့မှာ ဘေးကင်းကင်းနဲ့ ရှိနေပြီမလား။ ငါ ဆံပင်မွေးတစ်ပင်ကိုတောင် မဆုံးရှုံးခဲ့ပါဘူး။ တကယ်ပါ”