အခန်း (၁၇၀၃) :ဒါဆိုလည်း လုပ်လိုက်ရအောင်လေ
ဂူမန်မန် ခေါင်းကိုက်လာရသည်။
သူမရဲ့ အမျိုးသားတွေက ဘယ်အချိန်က စပြီးတော့ အခုလိုမျိုး ရူးကြောင်ကြောင်ဖြစ်သွားရတာလဲ။ သူတို့က ပုံမှန်မဟုတ်ဘူးလို့ ဘာလို့ သူမ ခံစားနေရတာလဲ
" ရှောင်မန်" အဲလ်ဗစ်က ဂူမန်မန်ကို သူတို့ကို စွန့်ပစ်သွားတော့မည့် အမျိုးသမီးတစ်ယောက်လိုမျိုး သဘောထားကာ ကြည့်ပြီး ပြောလိုက်သည်
" ဝမ်စုယွင်ကို ကိုယ်တိုင် အကျဉ်းထောင်ထဲ ထည့်ခဲ့တာ"
ဂူမန်မန်က ခေါင်းတဆတ်ဆတ်ညိတ်ပြကာ အဲလ်ဗစ်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေသည်။
" မန်(၂)..." စနိတ်ခ်ကလည်း ချက်ချင်းပြောသည်
" မင်းတို့ အကုန်လုံး ဒီဘက်ကမ္ဘာကို ရောက်မလာခင်ကတည်းက ကိုယ် သူတို့နဲ့ သိခဲ့တာ။ ကိုယ်က အရမ်းဒေါသထွက်တာနဲ့ သူတို့ကို ကိုယ်တိုင်ရိုက်နှက်ပြီးတော့ ဇင်ဘာဘွေနိုင်ငံဆီ ပို့လိုက်တာ။
ကိုယ် သူတို့သုံးယောက်လုံးကို ရိုက်နှက်ခဲ့တာ။ အဲဒီတုန်းက ကိုယ်ရဲ့ခန္ဓာကိုယ်အခြေအနေက အပြည့်အဝ ပြန်လည်မရှင်သန်သေးတာနဲ့ သူတို့ကို မသတ်ခဲ့လိုက်ရဘူး"
ဂူမန်မန်က စနိတ်ခ်ကို 'အဲဒီတော့....' ဆိုသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
" မန်လေး.....ကိုယ်လည်း သူမကို တစ်ခါကန်ခဲ့ဖူးတယ်" ဂရက်ဂိုရီက တိုးတိုးလေး ပြောလိုက်သည်
ဂူမန်မန်က ထိုအမျိုးသားသုံးယောက် ပြောနေသော စကားများ၏ ဆိုလိုရင်းကို လိုက်မမှီတော့ပေ။
သူမ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်
" ရှင်တို့ အကုန်လုံး ဘာပြောချင်နေကြတာလဲဟင်"
သူတို့ သုံးယောက်လုံး နှုတ်ခမ်းတင်းတင်း စေ့ထားကာ ဂူမန်မန်ကို စိုက်ကြည့်နေကြသည်။
သူမ ဘာမှထပ်မပြောတော့မှ အဲလ်ဗစ်က သက်ပြင်းချကာ ပြောလိုက်ရသည်
" အရှင်းဆုံးပြောရရင် မင်းက လီရာ သန့်ရှင်းလား မသန့်ရှင်းဘူးလားဆိုတာကိုပဲ ဂရုစိုက်တယ်။ သူ့ကို ဂရုစိုက်သလိုမျိုး ကိုယ်နဲ့ စနိတ်ခ်ကို ဂရုမစိုက်ဘူး။ အစောင့်အရှောက်သားရဲဖြစ်တဲ့ ဂရက်ဂိုရီကိုဆိုရင် ပိုဆိုးသေးတယ်။"