အခန်း (၁၄၇၉) : ကိုယ်တို့ရဲ့သမီးတဲ့လား
ဂူမန်မန်က ဟန်အမူအရာပါလုပ်ပြရင်း ပြောသည်
“ သက်ရှိကမ္ဘာအကြောင်း သိချင်နေတဲ့ အမျိုးသမီး နတ်ဘုရားတစ်ပါးက သက်ရှိကမ္ဘာ အကြောင်း လေ့လာဖို့အတွက် လျှို့ဝှက်စွာနဲ့ ရောက်ရှိလာခဲ့တယ်တဲ့။ အဲ့ဒီကမ္ဘာရောက်တော့ သူမက အမျိုးသားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်။ အဲ့ဒီကိစ္စကို နတ်ဘုရားမရဲ့ မိခင် သိသွားတဲ့ အခါမှာတော့ သူမရဲ့သမီးကို ဘယ်မျိုးနွယ်ကနေ ဆင်းသက်လာမှန်းမသိတဲ့ သားရဲရိုင်း (အရိုင်းအစိုင်းကောင် )မထိုက်တန်ဘူးဆိုပြီးတော့ နတ်ဘုရားမကို ကောင်းကင်ဘုံဆီ ပြန်ခေါ်သွားပြီး သူတို့ကို တွေ့ခွင့် မပေးတော့ဘူးတဲ့”
ဂရက်ဂိုရီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကိုယ်တို့ရဲ့သမီးသာ သားရဲရိုင်းနဲ့ ချစ်ကျွမ်းဝင်သွားရင် ကိုယ်လည်း သဘောကျမှာ မဟုတ်ဘူး”
ဂူမန်မန် ဆွံ့အသွားရသည်။
သူမ ပြောတဲ့ သားရဲရိုင်းဆိုတာ တင်စားပြောလိုက်တာလေ….. ‘ကိုယ်တို့ သမီး’ဆိုတာကရော ဘာတွေလဲ….သူနဲ့ ပါတနာ မဖြစ်နိုင်ဘူးဆိုတာကို ပြောထားပြီးသားလေ….
ဂူမန်မန် မျက်နှာမသာမယာ ဖြစ်လာတာကို မြင်တော့ ဂရက်ဂိုရီက ချက်ချင်းအခြေအနေကို ဖြန်ဖြေဖို့အတွက် ကြိုးစားနေသည်
“ မင်း ခွင့်ပြုတယ်ဆိုရင်တော့ ကိုယ်က သေချာပေါက် မတားပါဘူး။ ဒါပေမဲ့ ပထမပါတနာ မဖြစ်ရင်တော့ ကောင်းမယ်။ ငှက်မျိုးနွယ်စုက အမျိုးသမီးတွေက ပထမ ပါတနာကိုတော့ မျိုးနွယ်တူကပဲ ရှာသင့်တာ….”
ဂရက်ဂိုရီက ပြောလေလေ မျက်နှာထားက ပိုပြီးတော့ လေးနက်လာလေလေ ဖြစ်နေပြီး ဂူမန်မန်ကတော့ သူ့ကို ပြန်ပြောဖို့ စကားလုံးပင် ပျောက်ရှနေခဲ့သည်။
ဂူမန်မန်က ဘာမှဝင်မပြောသည့်အတွက် သူမ သဘောတူသည်ဟု ယူဆပြီး ဂရက်ဂိုရီ ကြည်နူးနေမိသည်။ သူ့သမီးအတွက် ပါတနာ ရွေးချယ်တဲ့နေရာမှာ အာဏာသုံး ချုပ်ကိုင်ခွင့်ရသည့်အတွက် ပျော်နေခြင်း မဟုတ်ပဲ ‘သူတို့ကလေး’အကြောင်းကို သူမနဲ့ ဆွေးနွေးခွင့် ရသည်ဆိုသောအချက်က သူ့ကိုပျော်ရွှင်စေသည်။