အခန်း (၁၄၄၉) : ငါ စောင့်နိုင်ပါတယ်
ဂူမန်မန်က စန္ဒီရဲ့လက်လေးတွေကို ကိုင်ရင်း ပြောလိုက်သည်
“ နင် သူ့ကိုသဘောကျတယ်…သူကလည်း နင့်ကို တကယ်သဘောကျတယ်ဆိုရင် နင်က ပါတနာအဖြစ် လက်ခံချင်ရင် လက်ခံလိုက်လေ။ မျိုးနွယ်စုအတွက် ဘာမှစိတ်မပူနဲ့”
စန္ဒီက ဂူမန်မန်ကို ကြည့်ကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း မေးလိုက်သည်
“ တကယ်လား”
ဂူမန်မန်က ခေါင်းညိတ်ပြကာ လီရာကိုကြည့်ရင်း ရယ်ကာ ပြောလိုက်သည်
“ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကိုယူဖို့အတွက် မော့တိုတောင်ကို သွားပြီးရင် လီရာကို သားရဲဘုရင် ဖြစ်အောင် လုပ်ပေးဖို့အတွက် ကျောက်စိုင်တွေရဲ့ဝိညာဉ်ကို သွားယူမှာလေ။ အဲ့ဒီအခါကျရင် တကယ့်မြေခွေးဘုရင်က လီရာ ဖြစ်သွားမှာလေ…..ကိုးလ်လို လေလွင့်သားရဲတစ်ကောင်က နှင်းမြေခွေးမျိုးနွယ်စုကို အုပ်ချုပ်လို့ ဖြစ်ပါ့မလား။ ပြီးတော့ ငါ သူ့ကို ကြာကြာ အသက်ရှင်ခွင့် မပေးနိုင်ဘူး….”
စန္ဒီက လက်ချောင်းတွေကို ကစားကာ တွေဝေရင်း ပြောလိုက်သည်
“ ငါ စောင့်သင့်တယ် ထင်တယ်”
စန္ဒီပြောသော စောင့်မယ်ဆိုသော အကြောင်းအရင်းကို နားမလည်သည့်အတွက် စန္ဒီကို ကြည့်လိုက်သည်။
စန္ဒီက ရယ်ပြကာ ပြောသည်
“ လီရာ သားရဲဘုရင်ဖြစ်လာပြီးတော့ ကိုးလ်ကို ရှင်းထုတ်ပစ်နိုင်တဲ့အထိ စောင့်မယ်။ နှင်းမြေခွေးမျိုးနွယ်စုက ငါတို့နဲ့ တကယ့်မိသားစုလို ဖြစ်လာမှ ငါ အာနိုးကို လက်ခံမယ်။ ဂူမန်မန် နင့်အပေါ် အမှားတစ်ကြိမ် လုပ်ပြီးပြီမလို့ ဒုတိယအကြိမ် ထပ်ပြီးတော့ မလုပ်ချင်တော့ဘူး။ နင်နဲ့ မျက်နှာချင်းမဆိုင်ရဲတော့တဲ့ ခံစားချက်က တော်တော်ဆိုးတယ်။ အရာအားလုံးကို ဆုံးရှုံးလိုက်ရတာထက် ပိုပြီးတော့ ဆိုးတယ်”
စန္ဒီပြောသော ‘တစ်ကြိမ်မှားခဲ့ပြီးပြီ’ဆိုတာက ကိုးလ်ကို အဲလ်ဗစ်နဲ့လီရာတို့ တိုက်ခိုက်တုန်းက ကောလင်းကို လိုက်မသွားအောင် တားခဲ့သည့်အချိန်ကို ဆိုလိုနေခြင်းဖြစ်မှန်း ဂူမန်မန်သိသည်။