အခန်း (၁၆၁၁) : မာမီ ဒီမှာနေအောင်လို့ မကူညီပေးနိုင်တဲ့ အဖေမျိုးကို မလိုချင်ဘူး
“ ကျတော့်ကို လျှော့မတွက်ပါနဲ့နော်” ဗစ်တာက ခေါင်းမော့ကာ ပြောလိုက်သည်။ စိတ်ပညာကို မလေ့လာထားတဲ့သူတစ်ယောက်ပင် သူ့မျက်နှာပေါ်က စိတ်မသက်မသာဖြစ်မှုကို မြင်နေရသည်။
“ ကျတော် တမန်တော်ရဲ့ဘေးမှာသာ နေနိုင်မယ်ဆိုရင် ကျန်တာ ဘာမှမလိုတော့ပါဘူး။ ကျတော့်အတွက်နဲ့ ဒီမှာနေဖို့ကို မတောင်းဆိုပါဘူး။ တမန်တော် သွားတဲ့နေရာတိုင်းကိုပဲ ကျတော့်ကို လိုက်ခွင့်ပေးပါနော်။ ကျတော်က အမဲလိုက်တဲ့နေရာမှာ တော်ပါတယ်။တမန်တော် စားချင်တာတွေ အကုန်လုံးကို ရှာဖွေပေးနိုင်ပါတယ်။ ပြီးတော့ ကျတော်ရဲ့ မူလအသွင်က ကျားဆိုတော့ အာဏာရှိတဲ့ ပုံစံလည်းပေါ်တယ်လေ။ ပြီးတော့ တောဘုရင်တစ်ယောက်ဖြစ်တဲ့ ကျတော်သာ တမန်တော်ရဲ့ ဘေးမှာရှိနေရင် အထင်ကြီးစရာဖြစ်မှာပဲ…..ကျတော်….”
“ ဘာ…” ကန်ဝူက သူ ကြားလိုက်ရသောအရာကို မယုံနိုင်ဖြစ်သွားရသည်။ သူက နောက်ကနေ ဗစ်တာကို ကန်လိုက်ပြီး ပြောသည်
“ ငါ မင်းကို ကူညီပေးတယ်ဆိုတာကလည်း မာမီ ဒီမှာနေအောင် လုပ်ပေးဖို့လေ။ မင်း နေရာတောင် မရသေးပဲ ဘာလို့ ငါ့ကို သစ္စာဖောက်ရတာလဲ။ ငါ့အဖေတွေက ဘယ်လိုအဆင့်တွေထိ ရောက်နေတယ်ဆိုတာကို မင်း မသိလို့လား။ မင်းက ဘာလို့ အမဲလိုက်ဖို့ လိုဦးမလဲ။ တောဘုရင် ဟုတ်လား……ဒီမှာ သားရဲဘုရင်နှစ်ယောက် ရှိတာတောင် ပြောရဲသေးတယ်နော်။ မင်းက သူတို့ရှေ့မှာတော့ ကြောင်ပေါက်လေး တစ်ကောင်ပဲ။ မာမီ ဒီမှာပဲ ဆက်ပြီးနေအောင် မကူညီပေးနိုင်တဲ့ အဖေမျိုး မလိုချင်ဘူး”
ဂူမန်မန်က ကန်ဝူနဲ့ ဗစ်တာတို့ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံနေပုံကို ကြည့်ပြီး စိတ်မဆိုးသည့်အပြင် ကောင်းသည်ဟုပင် တွေးလိုက်မိသည်။
ချီရွှမ်က ကန်ဝူအနားမှာ မရှိတော့တာကြောင့် ကန်ဝူ အထီးကျန်နေမှာကို သူမ စိုးရိမ်နေခဲ့သည်။
သားရဲကမ္ဘာမှာ တစ်ဦးတည်းသောသား ဖြစ်ဖို့က ရှားပါးလှသည်။ သူမ ထွက်သွားပါက ကန်ဝူ အထီးကျန်နေမှာကို သူမ စိုးရိမ်မိသည်။ အခုတော့ သူနဲ့ဗစ်တာက ရန်ဖြစ်နေပေမဲ့ သူတို့က အတော်လေး ရင်းနှီးပုံပေါ်သည်။