အခန်း (၁၄၅၉) : ရတနာကို ယူပြီးတာနဲ့ထွက်သွား….နောက်ပြန်လှည့်မကြည့်နဲ့
အဲလ်ဗစ်နဲ့ လီရာကလွဲပြီး အခုလိုမျိုး တစ်ခြားသူဖက်တာ မခံဖူးသည့်အတွက် အတော်လေး စိတ်မသက်မသာ ဖြစ်နေမိသည်။
ဂရက်ဂိုရီကလည်း အဲ့တာကို ရိပ်မိတာကြောင့် တည်ငြိမ်စွာ ပြောလိုက်သည်
“ ကြမ်းပြင်က အပူချိန် အရမ်းနည်းနေတယ်။ သားရေမခြုံထားဘူးဆိုရင် မင်း ပြန်ဖျားလိမ့်မယ်။ အဲလ်ဗစ်နဲ့ လီရာကလည်း အနားမှာ မရှိဘူးလေ။ ကိုယ်က အစောင့်အရှောက် သားရဲတစ်ကောင်ဆိုတာသိပေမဲ့ မင်းကို ကာကွယ်စောင့်ရှောက်ရမဲ့ တာဝန်အပြည့် ရှိတယ်။ မင်းကို သစ်သီးနည်းနည်းလောက် ကျွေးချင်ရုံပါ။ အခုလို စိတ်မသက်မသာ ဖြစ်စရာမလိုပါဘူး။ ကိုယ့်နေရာကို သိပါတယ်”
သူမရဲ့ အပြုအမူတွေက အရမ်းပြင်းထန်သွားမယ်လို့ ဂူမန်မန် မတွေးခဲ့မိပေ။ ဂရက်ဂိုရီ ပြောတာကို နားထောင်ပြီးမှ သူမ နည်းနည်း ရှက်သွားရသည်။
သူ့ကို ကောင်းကောင်း ဆက်ဆံပေးချင်သော်လည်း သားရဲကမ္ဘာမှာတော့ အကြင်နာတရားဆိုတာ ‘ဒုက္ခမပေးခြင်း’ကို ဆိုလိုခြင်း မဟုတ်ခဲ့ပေ။
အမျိုးသမီးတွေအနေနဲ့ သူတို့ကို အစေခံတစ်ယောက်လို သဘောထားပြီး ခိုင်းနေမှ သူတို့အသုံးကျသည်ဟု ခံစားရလေ့ရှိသည်။ အဲ့လိုမျိုးတွေ ခိုင်းသမျှ လုပ်ပေးပြီးလျှင်လည်း အခုလိုမျိုး ပြုံးကာ “ ကြည့်လိုက်လေ…ငါ့အမျိုးသမီးက ငါ့အပေါ်ဘယ်လောက်တောင် အားကိုးလိုက်သလဲ။ ငါ သူမကို ချစ်တယ်ဆိုတာ သက်သေပြဖို့အတွက် အခွင့်အရေးတွေ အများကြီးပေးတယ်….”ဟု ပြောလေ့ ရှိသည်။
ဂူမန်မန်လည်း သက်ပြင်းချကာ ဂရက်ဂိုရီ ကျွေးသော ရှုလင်အသီးကို စားလိုက်ပြီး ပြုံးပြကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
ဂရက်ဂိုရီပြုံးပြကာ သက်ပြင်းချရင်း ရေရွတ်လိုက်သည်
“ မင်း လီရာနဲ့အဲလ်ဗစ်ကိုရော အခုလိုမျိုး ကျေးဇူးတင်စကားပြောလို့လား”
ဂူမန်မန်က ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်
“ အရင်တုန်းကတော့ ပြောတယ်။ ဒါပေမဲ့ အသားကျလာပြီးနောက်ပိုင်းတော့ မပြောဖြစ်တာ တော်တော်ကြာပြီ”