အခန်း (၁၄၈၃) : တစ်ခုခုဖြစ်ခဲ့တယ်မလား
ဂူမန်မန် နိုးလာတော့ အဲလ်ဗစ်က သူမကို သယ်ကာ အလောတကြီး ပြေးနေသည်။
အဲလ်ဗစ် အခုလိုမျိုး ပြေးတာ ရှားလှသည်။ သူတို့ခရီး ဘယ်လောက်ပဲ အလျင်လိုနေပါစေ အဲလ်ဗစ်က အေးအေးဆေးဆေးသာ သွားလေ့ရှိပြီး အခုလောက်ထိ အလောတကြီး မသွားဖူးပေ။
တစ်ခုခုကနေ လွတ်မြောက်အောင် ပြေးနေသလို ဖြစ်နေသည်။
လီရာကလည်း အဲလ်ဗစ်နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာသည်။ သူတို့က ရှေ့ကိုသာ သေချာအာရုံစိုက်နေပြီး ခြေလှမ်းတွေက လုံးဝရပ်တန့်သွားခြင်း မရှိပေ။
နှင်းထဲမှာလည်း ခြေရာတွေအတန်းလိုက်ကြီး ကျန်နေခဲ့သည်က သူတို့ဘယ်လောက်ထိ လျင်မြန်စွာ ပြေးနေကြောင်း ပြသနေသည်။
ဂူမန်မန်က သူမမျက်နှာဆီ တိုက်ခတ်နေသော လေအေးတွေကို ဂရုမစိုက်နိုင်ပဲ ထဖို့သာ ကြိုးစားနေသည်။ ပတ်ဝန်းကျင်ကို ကြည့်ပြီး သူမ မော့တိုတောင်၏ ပိုင်နက်ထဲမှာပဲ ရှိနေသေးတယ်ဆိုတာကို သိလိုက်ရသည်။ အဲလ်ဗစ်နဲ့လီရာက အနားမှာ ရှိပေမဲ့ ဂရက်ဂိုရီနဲ့ ဝါဘယ်တော့ ပျောက်နေသည်။
“ သူတို့ ဘယ်မှာလဲ” ဂူမန်မန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူမရဲ့မေးခွန်းက အဲလ်ဗစ်နဲ့ လီရာတို့ရဲ့ခြေလှမ်းတွေကို ရပ်တန့်သွားစေသည်။
နှင်းတွေက သူတို့ရဲ့ ရင်ဘတ်ထိ မြင့်တက်နေသော်လည်း သူတို့ သတိထားမိပုံ မပေါ်ပေ။ ဂူမန်မန်ကိုသာ စိုက်ကြည့်နေကြပြီး အဲလ်ဗစ်ရဲ့မေးရိုးက တစ်ခုခုကို ဝါးနေသလိုမျိုး ဖြစ်နေသည်ကို ဂူမန်မန် အထင်းသား မြင်နေရသည်။
“ တစ်ခုခု ဖြစ်ခဲ့တယ်မဟုတ်လား” ဂူမန်မန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ ကျမ ကိုယ်တိုင် ခုန်ဆင်းလာတာတော့ မဖြစ်နိုင်လို့ ကျမကို ဂရက်ဂိုရီ ကိုယ်တိုင် လာပို့သွားတာပဲဖြစ်မယ်။ ဒါပေမဲ့ သူက ရှင်တို့နဲ့အတူတူ ရှိမနေဘူးတဲ့လား။ ပုံမှန်ဆိုရင် အခုလိုမျိုး ကျမကို သယ်ပြီးနှင်းတောထဲမှာ ပြေးမဲ့အစား ကျမကို ဂရက်ဂိုရီနဲ့ပဲ ထည့်ပေးလိုက်မှာလေ။ ဂရက်ဂိုရီ တစ်ခုခု ဖြစ်သွားတယ်မလား”