အခန်း (၁၆၁၃) : ကိုယ် မင်းကို မဆုံးရှုံးဘူး ဘာလို့လဲဆိုတော့ မင်းကို ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတာ
ဘာရီတီက တစ်ချိန်လုံး အောက်ငုံ့နေသည်။ ‘အဆင်ပြေပါတယ်’ဆိုပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် အားပေးနေမိသည်။
ဘာရီတီမှာ သူသဘောကျရတဲ့ တစ်စုံတစ်ယောက် ရှိသွားတာကြောင့် ဂူမန်မန်စိတ်အေးမိသည်။
သူမက စနိတ်ခ်ကိုလည်း ထိခိုက်စေခဲ့သလို ဂရက်ဂိုရီ၏ ဘဝကိုလည်း ပျက်စီးစေခဲ့သည်။ ဘာရီတီကိုပါ ဒီလိုအရှုပ်ထွေးထဲ ဆွဲသွင်းမိပါက စိတ်ဝဋ်ကြွေးတွေဆပ်ဖို့ နှစ်ပေါင်းတစ်ထောင် ကြာလျှင်တောင် ဆပ်လို့ပြီးမည် မဟုတ်ပေ။
ဘာရီတီ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်က သူမရဲ့အရိပ် ဖြစ်နေခဲ့သည်ကိုတော့ သူမ မသိခဲ့ပေ။
သူမ တစ်ခြားဘက်သို့ လှည့်သွားမှ ဘာရီတီက သူမကို လေးနက်စွာဖြင့် စိုက်ကြည့်တော့သည်။
ကိုယ် မင်းကို မဆုံးရှုံးပါဘူး ဘာလို့လဲဆိုတော့ ကိုယ် မင်းကို ဘယ်တုန်းကမှ မပိုင်ဆိုင်ဖူးလို့လေ….
ကိုယ့်အတွက်တော့ ဆုံးရှုံးရတယ်ဆိုတာလည်း ကောင်းခြင်းတစ်မျိုးပါပဲ
မင်း အဆင်ပြေနေသ၍ ကျန်တဲ့အရာတွေက ကိုယ့်အတွက် အရေးမကြီးဘူး
မင်း အဝေးကို ပျံထွက်သွားချင်တယ်ဆိုရင်လည်း လုပ်လိုက်
ကိုယ်ကတော့ ဒီမှာပဲနေပြီးတော့ မင်းရဲ့ပစ္စည်းတွေကို ထိန်းသိမ်းပေးထားမယ်။ မင်းပင်ပန်းလို့ နားချင်လာတဲ့အခါတိုင်း ဒီမှာရှိနေတဲ့အရာတွေက မင်းထားသွားခဲ့တဲ့အတိုင်း ခြေရာလက်ရာမပျက်စေရပါဘူး။ မင်း ရင်းနှီးတဲ့အိမ်နဲ့ မင်းကို တစ်နေရာထဲမှာ စောင့်မျှော်နေတဲ့ ဘာရီတီဆိုတာ အမြဲတမ်းရှိနေမှာပါ
ထိုနေ့ညတွင် မီးပုံပွဲကျင်းပရန်အတွက် ဂူမန်မန်က အမျိုးသမီး ၁၆ ယောက်ကို စုစည်းခဲ့သည်။
သူတို့လည်း စိတ်လှုပ်ရှားစွာဖြင့် ဂူမန်မန် မရှိခဲ့တဲ့ နှစ်နှစ်လုံး နဇိုင်းရယ်မှာ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြနေကြသည်။