အခန်း (၁၆၈၅) : ကိုယ်က အမြဲတမ်း ရှောင်မန် ပြောတာကို နားထောင်မှာပါ
တစ်လကြာသော်…..
လီရာက ‘ဒေါသမီးတောက်’ ဂိုဏ်းထဲမှာ ရှိသော အရာအားလုံးကို ထိန်းချုပ်နေနိုင်ပြီ ဖြစ်သည်။ သူတို့၏ အင်အားကို ပြသပြီးနောက်ပိုင်းမှာတော့ ‘ဒေါသမီးတောက်’ဂိုဏ်းလည်း သူတို့ကို အထင်ကြီးကာ ဘယ်တော့မှ သံသယမဝင်တော့ပေ။
စနိတ်ခ်၏ ပူးပေါင်းမှုကြောင့် ဂိုဏ်းက ပိုပြီး အင်အားကြီးမားလာကာ ဂိုဏ်းတစ်ခုလုံး ကြီးကျယ်ခမ်းနားလာပြီး တစ်ခြားသူတွေကလည်း လေးစားလာကြသည်။ သူတို့က ဟာရိုးလ်အတွက် လက်စားမချေချင်ရုံတင် မကပဲ အဲလ်ဗစ်နှင့် လီရာတို့ ပေါ်ထွက်လာမှုက ဂိုဏ်းအတွက် ကောင်းကင်ဘုံမှ ဖန်တီးပေးသော အခွင့်အရေးဖြစ်ပြီး ဟာရိုးလ်ကတော့ ထိုတိုးတက်မှုအတွက် အပြစ်သား ဖြစ်သွားရသည်ဟု မှတ်ယူထားကြသည်။
စနိတ်ခ်ကတော့ တော်ဝင်မိသားစုနှင့် ဂိုဏ်းကြားက ဆက်ဆံရေးတည်မြဲဖို့အတွက် အလုပ်များနေသည်။
တစ်ခုကောင်းတာက ညတိုင်း ညစာစားဖို့ ရှေးဟောင်းရဲတိုက်သို့ ပြန်လာတိုင်း ဂူမန်မန်၏ အပြုံးက တစ်နေ့ထက်တစ်နေ့ တောက်ပလာသည့်အတွက် သူ အားစိုက်ထုတ်တဲ့ အရာတွေက ထိုက်တန်ကြောင်း ခံစားမိစေသည်။
သားရဲကမ္ဘာမှာ နှစ်ပေါင်းများစွာ နေလာသည့်အတွက် ဂူမန်မန်က ပိုင်နက်နှင့်ပတ်သက်ပြီး သံယောဇဉ် ရှိသည်။
ထို့ကြောင့် စနိတ်ခ်၏ နေအိမ်က အတော်လေး ကောင်းပြီး ဂူမန်မန်ကို ဘယ်သူမှ မနှောင့်ယှက်နိုင်သော်လည်း တစ်ခြားသူ၏ အိမ်မှာနေရသလိုမျိုး ခံစားခဲ့ရသည်။
အဲလ်ဗစ် လုယူခဲ့သော ရဲတိုက်ကတော့ မတူညီပေ။ ထိုနေရာက သူမ၏ မိသားစု ပိုင်နက်ဟု ခံစားရစေပြီး ဂူမန်မန် နေရတာ ပိုပြီးလုံခြုံသည်ဟု ခံစားမိလာစေသည်။
“ ခွန့်တ်ရဲ့ ဒဏ်ရာတွေလည်း အတော်လေး သက်သာလာပြီ။ သူတို့ရဲ့ ကလေးတွေကို ကုသဖို့အတွက် ‘M’ နိုင်ငံကို သွားဖို့ ကိုးလ်က အကုန်လုံး စီစဉ်ပေးထားတယ်။ အဲဒီမှာ နည်းပညာက အရမ်းမြင့်သလို ကျောက်ကပ် အစားထိုးဖို့လည်း ပြင်ဆင်ပြီးသားဖြစ်နေပြီတဲ့” လီရာက ဂူမန်မန်အနား ကပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။