အခန်း (၁၅၃၇) : ကျမ တွေ့လို့ရအောင် အိမ်ရှေ့ထိ ရှင် ကိုယ်တိုင်လာတာတဲ့လား
လီရာက သူမဆီရောက်လာမဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို တွက်ချက်ပြီးသားဖြစ်သော်လည်း သူမအတွက် ဆုံးဖြတ်ချက်တော့ ချမပေးခဲ့ပေ။
သူမရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က ဘာပဲဖြစ်နေပါစေ အဲလ်ဗစ်နဲ့သူက သူမဘက်မှာ ရှိနေမှာဖြစ်ပြီး သူမ စဉ်းစားထားတဲ့အတိုင်း လွတ်လွတ်လပ်လပ် လုပ်လို့ရအောင် အရှုပ်တွေကို ရှင်းပေးမည် ဖြစ်သည်။
ထိုနေ့ညမှာတော့ ဂူမန်မန် အိပ်မပျော်ပဲ လူးလှိမ့်နေမိသည်။ သူမဆီမှာ ရတနာ နှစ်မျိုး ရှိနေသည့်အတွက် ညမအိပ်ထားသော်လည်း ထူးထူးခြားခြား ပင်ပန်းနေတာမျိုး မရှိပေ။
နောက်တစ်နေ့ မနက်ရောက်သည့်အခါမှာတော့ ကျောက်ရဲတိုက်၏ တံခါးမှ ကျယ်လောင်သော အသံကြောင့် ဂူမန်မန် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမရဲ့တံခါးရှေ့မှာ အခုလို ပြုမူရဲသောသူက လူအနည်းသာရှိလိမ့်မည်။
အဲလ်ဗစ်က ဂူမန်မန်ကို ချီပြီး ဒုတိယထပ်မှ ဆင်းလာသည့်အခါ ဝံပုလွေရိုင်းများနဲ့ မြေခွေးတွေ အချင်းချင်း သတ်ဖြတ်နေသည်ကို တွေ့လိုက်ရသည်။ သွေးထွက်သံယို ဖြစ်သည့်အပြင် ထူးဆန်းသော မြင်ကွင်းမျိုး ဖြစ်သည်။
ခွေးတွေ ကိုက်ပြီး ရန်ဖြစ်သလို အချင်းချင်း ကိုက်ဖြတ်နေကြသော်လည်း ဝံပုလွေရိုင်းနဲ့မြေခွေးများဖြစ်တာကြောင့် ပိုမိုရက်စက်သလို အခြေအနေကလည်း ပိုမိုရှုပ်ထွေးလာသည်။
“ မြေခွေးဘုရင်က သိပ်ကို အထင်ကြီးဖို့ကောင်းတာပဲ။ ကျမရဲ့ တံခါးရှေ့ကိုလာပြီး အနိုင်ကျင့်နေတာလား” ဂူမန်မန်က ထေ့ငေါ့ပြောဆိုလိုက်သည်။
ဝံပုလွေနဲ့မြေခွေးတွေက အချင်းချင်း မာန်ဖီကာ ကြည့်နေကြသော်လည်း သူတို့ရဲ့ဘုရင်အသီးသီးဆီက အမိန့်ကို ရမှ ဘေးသို့ ဆုတ်သွားကြသည်။
ကိုးလ်ရဲ့မျက်နှာမှာ သွေးအရောင်ပင် မရှိတော့ပေ။ သူ့ရဲ့ဒဏ်ရာတွေက ကျက်လုနီးပါးဖြစ်နေသော်လည်း သူ့ကြည့်ရတာ သနားဖို့ကောင်းဆဲပင် ဖြစ်သည်။