အခန်း (၁၄၂၉) : သူမက သူ့ကိုနာကျင်အောင် လုပ်လိုက်တာပဲလေ
သားရဲနတ်ဘုရားက နှာခေါင်းကိုပွတ်ရင်း ပြောလိုက်သည်
“ ကောင်းပြီလေ….အဖေ အမှန်အတိုင်းပြောပြမယ်”
သားရဲနတ်ဘုရားက သက်ပြင်းချကာ ပြောလိုက်သည်
“ သမီး ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကိုယူပြီးသွားပြီဆိုရင် ငှက်မျိုးနွယ်တွေရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်။ အဲ့လိုဆိုရင် ငှက်မျိုးနွယ်တွေက သမီးရှိတဲ့နေရာမှာ နေချင်ကြမှာပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဘယ်ငှက်မျိုးနွယ်ကမှ မော့တိုတောင်ကနေ ထွက်မလာဖူးဘူး။
အဲ့လိုမျိုး တောင်ကနေ ထွက်လာရမယ်ဆိုရင် သူတို့ ရတက်မအေးဖြစ်မှာ သေချာတယ်။ အဲ့တာကြောင့် သမီးသာ ဂရက်ဂိုရီကို လက်ခံလိုက်မယ်ဆိုရင် သူတို့အတွက်လည်း စိတ်ချလုံခြုံမှု ပေးနိုင်မယ်လို့ ထင်လို့ပါ။
အနည်းဆုံးတော့ သူတို့ စိုးရိမ်ပူပန်တာတွေ လျော့သွားတာပေါ့။ ပြီးတော့ ဂရက်ဂိုရီက ‘တမန်တော်ရဲ့ပါတနာ’ဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးပြုပြီးတော့ ငှက်သားရဲတွေနဲ့ ကုန်းနေသားရဲတွေရဲ့ ဆက်ဆံရေးကို ပိုပြီးတော့ အဆင်ပြေချောမွေ့လာအောင် လုပ်ပေးနိုင်လိမ့်မယ်။
ကုန်းနေသားရဲထဲမှာဆိုရင် နှင်းမြေခွေးနဲ့ ဝံပုလွေမျိုးနွယ်စုမှာပဲ သားရဲဘုရင် ရှိတာ။ နှစ်ယောက်ထဲမှာ တစ်ယောက်က သမီးရဲ့ပါတနာဖြစ်ပြီးတော့ တစ်ခြားတစ်ယောက်ကတော့….ဟား…ဟား…ဘယ်လိုပဲဖြစ်ဖြစ် သူက သမီးရဲ့ပါတနာ သားရဲဘုရင် ဖြစ်လာရင် အစားထိုးခံရမဲ့သူပဲ။ အဲ့လိုသားရဲဘုရင် နှစ်ယောက်ရှိလာရင် ညှိနှိုင်းရတဲ့ကိစ္စတွေက ပိုပြီးတော့ အဆင်ပြေလာမယ်”
ဂူမန်မန်က သားရဲနတ်ဘုရားကို စိုက်ကြည့်ကာ ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် မေးလိုက်သည်
“ ဒါအကုန်ပဲလား”
ဂူမန်မန်က မယုံကြည်သည့်အတိုင်း မေးခွန်းထုတ်လိုက်သည်။
သားရဲနတ်ဘုရားက ချောင်းဟန့်ကာ ဆက်ပြောသည်
“ အကုန်တော့မဟုတ်သေးဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ ပြောလို့မရတဲ့ အကြောင်းအရင်း တစ်ခုရှိသေးတယ်….ဒါပေမဲ့ အဖေက သမီးရဲ့အဖေမလို့ သမီးကို ထိခိုက်အောင် ဘာမှမလုပ်ဘူး။ အဲ့တာကြောင့် အဖေ ပြောတာကို ယုံဖို့လိုတယ်”