အခန်း (၁၅၇၇) : အဓိကက မာမီကို မျက်ရည်ကျရအောင် မလုပ်ချင်ဘူး
“ တစ်ခြားသူ ထိခိုက်ရင်ပဲဖြစ်ဖြစ် သူပဲ ထိခိုက်ရင်ပဲဖြစ်ဖြစ် အရေးမကြီးဘူးတဲ့။ အဓိကက မာမီကို မျက်ရည်မကျစေဖို့ပဲတဲ့။ ဒါကြောင့် မာမီ ငိုတိုင်း ကျတော် မှားသွားပြီဆိုတာကို သိလိုက်ရတယ်။ မာမီ မျက်ရည်မကျဖို့ဆိုရင် သူ့ကို ရန်မူပြီးတော့ ကျတော် သူ့အပေါ်ထားတဲ့ စိတ်ရင်းကို လျစ်လျူရှုရလည်း ဖြစ်ပါတယ်” ချီရွှမ်က ဂူမန်မန်ကို တင်းကြပ်စွာ ဖက်ထားရင်း ပြောလိုက်သည်။
ထို့နောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြန်သည်
“ မာမီကတော့ မသိလောက်ဘူး။ ကျတော် သူ့ကိုစွန့်ပစ်ပြီးတော့ မာမီဘေးကို ပြန်လာဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်တုန်းက သူ အရင်တုန်းက မကြည့်ဖူးတဲ့ အသိအမှတ်ပြုမှု၊ ဂုဏ်ယူမှုတွေပါဝင်တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တာ။ သူ့အကြည့်တွေက ‘ဒါမှ ငါ ပျိုးထောင်ထားတဲ့ ရွှမ်လေး’ဆိုပြီး ပြောနေသလိုပဲ။ အထင်နဲ့အမြင်နဲ့ တစ်ခြားစီပဲနော်။ မာမီ အရမ်းမုန်းနေခဲ့တဲ့သူက သူ့ကို စွန့်ပစ်တဲ့ ကျေးဇူးကန်းတဲ့သူကို လေးစားနေခဲ့တာ”
ဂူမန်မန်က သူ့ကျောလေးကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်
“ တောင်းပန်ပါတယ်…..မင်းကို အကြပ်ရိုက်အောင် လုပ်ခဲ့မိတယ်”
ချီရွှမ်က ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်
“ မာမီက ကျတော့်ရဲ့အမေပဲလေ….မာမီ လုပ်တာတွေက အမြဲတမ်းမှန်ပါတယ်”
ဂူမန်မန် ဘာပြောရမယ်မှန်းမသိတော့တာကြောင့် သက်ပြင်းသာချလိုက်သည်။
“ မာမီ .. သူ ဘယ်မှာလဲဟင်။ ကျတော်ကို နောက်ဆုံးတစ်ကြိမ်လောက် တွေ့ခွင့်ပေးပါလားဟင်” ချီရွှမ်က တောင်းတောင်းပန်ပန်ဖြင့် ပြောနေသည်။
ဂူမန်မန်က ခေါင်းညိတ်ပြကာ အခန်းဆီသို့ ခေါ်သွားသည်။ ထို့နောက် အပင်ငယ်လေးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်
“ သူက ဒီမှာလေ….သူက ဒီအပင်ငယ်လေးနဲ့ တစ်သားထဲ ဖြစ်သွားတာ”