အခန်း (၁၆၆၉) : နောက်ထပ် ရင်းနှီးတဲ့သူလား
အောက်ထပ်မှာလည်း ပရိသတ်တွေ ဖြည်းဖြည်းချင်း ရောက်ရှိလာသည်။ ဒုတိယထပ်ရှိ ဗီအိုင်ပီ အခန်းထဲတွင် ဂူမန်မန်၏ မိသားစုအပြင် ကိုးလ်လည်း ရှိနေသည်။
ဒီနေရာက သူ့ပိုင်နက် ဖြစ်သည့်အတွက် မောင်းထုတ်ခွင့်မရှိပေ။ ထို့ကြောင့် သူ့ကို သူမ၏ ဘေးမှာ ထိုင်ခွင့်ပေးထားရသည်။
ဆိုဖာအသေးလေးတွေက တစ်ယောက်ထိုင်ခုံလေးတွေ ဖြစ်သည့်အတွက် ကိုးလ်က သူမ၏ ဘေးမှာထိုင်နေသော်လည်း သူတို့ကြားမှာ စားပွဲခုံအသေးလေး တစ်ခု ခြားထားသေးသည်။
ဂူမန်မန်ကလည်း အောက်မှာ ရှိသော စင်မြင့်ကိုသာ အာရုံအပြည့်စိုက်ထားသည်။
အသံတစ်ခုထွက်ပေါ်လာပြီးနောက် မီးတွေအကုန်မှိတ်ထားသွားသည့်အပြင် ပရိသတ်တွေလည်း အကုန်ငြိမ်သွားကြသည်။
အလင်းရောင်တစ်ခုက ထွက်လာတော့ အဲလ်ဗစ်က နားနေဆောင်မှ ထွက်လာလိုက်သည်။
ပရိသတ်က နှစ်စက္ကန့်စာလောက် လှုပ်လှုပ်ရှားရှားဖြစ်သွားရာမှ ချက်ချင်း ပြန်ငြိမ်သွားကြသည်။ သူတို့က အဲလ်ဗစ်၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော ‘I have a wife, leave me alone’ ဆိုသော စာသားပါသည့် အင်္ကျီကို ထူးဆန်းစွာ ကြည့်နေကြသည်။
လက်ဝှေ့ထိုးပွဲကို လာပြီး အခုလိုမျိုး ချစ်ခြင်းကိုထုတ်ဖော်ပြသသော မြင်ကွင်းကို ကြည့်ရတာ ကျိန်စာတိုက်ခံထားရသလို ခံစားနေရသည်။
အလုပ်သမားတွေက ကိုးလ်ကို စကားပြောစက်မှ တစ်ဆင့် အဲလ်ဗစ်က ဒီအဝတ်အစားတွေကို ချွတ်ဖို့ ဆန္ဒမရှိဘူးဟု ပြောသည့်အတွက် ‘သူ ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးလိုက်’ဟုသာ ကိုးလ်က ပြန်ပြောလိုက်သည်။
အဲလ်ဗစ်က စင်မြင့်၏ အလယ်ခေါင်မှာ ရပ်ကာ ဒုတိယထပ်သို့ မော့ကြည့်လိုက်သည်။
သူ့ကို တစ်ဖက်မြင်မှန်သားက ကာဆီးထားသော်လည်း ရှောင်မန်က သူ့ကို အဲဒီနေရာကနေ ကြည့်နေမည်ဆိုတာကို ကောင်းကောင်းသိသည်။
ထိုအတွေးကြောင့် သူ့ခံစားချက်တို့ ပိုမိုကောင်းမွန်လာရသည်။