အခန်း (၈၁) အစွမ်းထက်သောကူညီသူ
လုကျိုး၏ အမူအရာက မပြောင်းမလဲ ရှိနေသေးသော်ငြား စိတ်ထဲတွင်မူ ကျေနပ်နေသည်။ သူ၏ တပည့်တွမ့်မူရှန်းက မင်ရှစ်ရင်ကဲ့သို့ တွက်ချက်တတ်သူမဟုတ်။ တရားသေ ယူဆထားတတ်သည့် သူဖြစ်သည်။ ထိပ်သီးဆရာကြီးဆယ်ဦး အဝိုင်းခံထားရသည့်အချိန်တွင်တောင် တွမ့်မူရှန်း၏ သစ္စာရှိမှုက တည်ငြိမ်နေပြီး မယိမ်းယိုင်နိုင်ခဲ့ပေသည်။ မင်ရှစ်ရင်နှင့်ကျောင်းယွဲ့တို့ကဲ့သို့ လူလိမ်လူကောက်များနှင့် ယှဉ်လျှင် သူကတွမ့်မူရှန်းကို ပိုနှစ်သက်ပေ၏။
တွမ့်မူရှန်းနှင့်မင်ရှစ်ရင်က အဆင့်တူတွင်ရှိနေခဲ့သည်လျှင် တွမ့်မူရှန်းက မင်ရှစ်ရင်ကို တိုက်ခိုက်ရာတွင် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ သို့သော် မင်ရှစ်ရင်က ယခင် ရွှေနန်းဥယျာဉ်တောင်ပေါ်ရှိတိုက်ပွဲမှ အကျိုးအမြတ်ရလာခဲ့သည်။ မင်ရှစ်ရင်သည် သစ်သားပြာ နှလုံးသားကျင့်စဉ်ကိုလည်း အဆင့်တက်ခဲ့၏။ တွမ့်မူရှန်း၏ဖြစ်စဉ်က နှေးကွေးနေသည့်တိုင် သူ၏အဆင့်တက်သွားတာ အံ့ဩသင့်ဖွယ်မရှိပေ။
“ကောင်းလိုက်တာ” ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်တော့၏။
လုကျိုးက ရှောင်ယွမ်အာကိုကြည့်ပြီးနောက် သူမကိုအသံတိုးတိုးဖြင့် ရှုံ့ချလိုက်သည်။
“မင်းက ဒီမှာ အပျင်းဆုံးနဲ့အအားဆုံးလူပဲ။ မင်းရဲ့အစ်ကိုကို လိုက်မီအောင်လို့ အလုပ်ကြိုးစားသင့်ပြီ”
ရှောင်ယွမ်အာက လျှာထုတ်ကာပြောလိုက်၏။
“တပည့် သိပါပြီ”
အမှန်တကယ်တွင်မူ လုကျိုးက ရှောင်ယွမ်အာကြောင်း စိုးရိမ်ပူပန်ခြင်းမရှိပေ။ သူမသည် သူ့ဆီနောက်ဆုံးမှ ဝင်လာသူ ဖြစ်ကောင်းဖြစ်နိုင်သော်ငြား သူမ ကျင့်ကြံဆင့်တိုးတက်တာ အမြန်ဆန်ဆုံးဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်း၏ အတော်ဆုံးတပည့် ကျိုးကျစ်ဖုန်းကတောင် သူမနှင့်မယှဉ်နိုင်ကြောင်း ဝန်ခံခဲ့၏။
ခဏအကြာတွင် တွမ့်မူရှန်းက ခန်းမဆီသို့လျှောက်လာကာ အလွန်စိတ်တက်ကြွနေပုံပေါ်သည်။ သူ့ကိုယ်ပေါ်ရှိ ချိန်းကြိုးများကလည်း သူလမ်းလျှောက်နေစဉ်တွင် ကပ်ပါလာ၏။
YOU ARE READING
ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲ
Fantasyအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...