၅၆ မှ ၆၀

909 75 0
                                    


အပိုင်း(၅၆) ရှောင်လန်နှင့် ထပ်မံတွေ့ဆုံခြင်း

     ချင်နန်သည် ရှောင်လန် သေဆုံးသွားခြင်းအပေါ် မည်သို့မျှ မခံစားရပါ။ သူသည် ရန်သူအား ဘယ်တော့မှ မသနားတတ်ပေ။
    “ အခု သူ့ဆီမှာ ဆေးလုံး ဘယ်နှစ်လုံးရှိလဲဆိုတာ ရှာကြည့်ရမယ် "
     ချင်နန်သည် အလောင်းဆီသို့ ချည်းကပ်သွားပြီး ရှာဖွေလိုက်ရာတွင် ကျောက်စိမ်းပုလင်း နှစ်လုံးအားတွေ့လိုက်ရသည်။ ပုလင်းတစ်လုံးလျှင် ရှန်းရွှင်ဆေး ဆယ်လုံး ပါရှိပေသည်။
     “ ရှန်းရွှင်ဆေးနှစ်ဆယ်.....ဒီကောင်က တော်တော်ချမ်းသာတာပဲ "
     ချင်နန်၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ဆေးပုလင်းများကို ချက်ချင်း သိမ်းဆည်းလိုက်သည်။
     ထို့နောက်တွင် သူသည် အချိန်မဖြုန်းတော့ဘဲ နွံအိုင်ပေါ်မှ ခရမ်းတောက်ကြာပန်းကို နုတ်ယူလိုက်သည်။
     “ ငါ အရင်ကတွေ့ခဲ့တဲ့ လျှို့ဝှက်နေရာကိုသွားပြီး ခရမ်းတောက်ကြာပန်းကို အသုံးပြုသင့်တယ် "
     ထိုသို့ဆုံးဖြတ်ချက်ချပြီးနောက် နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများကို အသုံးပြုကာ သူ၏ လျှို့ဝှက်နေရာသို့ လျှင်မြန်စွာ‌ ပြေးထွက်သွားသည်။
     အမွှေးတိုင်သုံးတိုင်ခန့် ကုန်ဆုံးသွားသည့်အချိန်တွင် ချင်နန်သည် လျှို့ဝှက်ဂူတစ်ခုဆီကို ရောက်ရှိလာခဲ့သည်။
     ဂူ၏ အမြင့်သည် နှစ်မီတာခန့် ရှည်လျားပြီး အလွန်ကျဉ်းမြောင်းကာ တစ်ယောက်ချင်းစီသာ ဝင်ရောက်နိုင်ပေသည်။
     သူသည် ဂူအတွင်းပိုင်းသို့ ရောက်ရှိသွားသောအခါ သုံးဆယ်မီတာပတ်လည်ရှိသော ရေကန်တစ်ခုကို တွေ့လိုက်ရသည်။ ရေကန်သည် သန့်ရှင်းကြည်လင်နေပြီး အပြာရောင်အလင်းများရောင်ပြန်မှုကြောင့် လှပသော မြင်ကွင်းတစ်ခုဖြစ်ပေါ်နေသည်။
     ချင်နန်သည် ခရမ်းတောက်ကြာပန်းကို ထုတ်ယူလိုက်ကာ လက်ဖြင့်ဆုပ်ကိုင်ပြီး ဖိချေလိုက်သည့်အခါတွင် လက်တစ်ဆုပ်စာ ခရမ်းရောင်အရည်များအဖြစ် ပြောင်းလဲသွားသည်။ သူသည် ထိုအရည်များကို ရေကန်ထဲသို့ ထည့်ချလိုက်၏။
     ယခင်က ကြည်လင်နေသောရေသည် ခရမ်းရောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ပေါကြွယ်ဝသော ချီစွမ်းအင်များနှင့်အတူ သင်းပျံ့သောရနံ့များ ထွက်ပေါ်လာသည်။
     “ ဒီခရမ်းတောက်ကြာပန်းက ဘယ်လောက်အသုံးဝင်လဲဆိုတာ ငါကြိုးစားကြည့်ရမယ် "
     ချင်နန်သည် သက်ပြင်းတစ်ချက် ချလိုက်ကာ ရေထဲသို့ ခုန်ချလိုက်သည်။
     သို့သော်လည်း ချင်နန် ရေထဲရောက်သွားသောအခါ သူ၏မျက်နှာ ရှုံ့မဲ့သွားသည်။
     မရေမတွက်နိုင်သော အပ်များသည် သူ၏‌မွှေးညှင်းပေါက်များမှတစ်ဆင့် ထိုးသွင်းနေသကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်စွာ ခံစားနေရသည်။
     ရူးသွပ်စရာနာကျင်မှုသည် သူ၏မျက်နှာအားရှုံ့မဲ့သွားစေပြီး သူ၏ စိတ်ထဲတွင် ဒီရေကန်အတွင်းမှ ထွက်ပြေးချင်စိတ်များ ဖြစ်ပေါ်နေသည်။
     “ မဟုတ်ဘူး....ငါမထွက်သွားဘူး...လူအများကြီးက ငါ့ကိုသတ်ချင်နေတယ်...ငါ့ရဲ့စွမ်းအားတွေကို မြှင့်တင်ရမယ်....ငါဒီမှာ သေသွားမယ်ဆိုရင်တောင် ထွက်မသွားဘူး "
     သူသည် နာကျင်မှုအား အံကြိတ်ကာသည်းခံရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
    
     အချိန်သည် တ‌ဖြေးဖြေး ကုန်ဆုံးလာသည်။
     ချင်နန်၏ ရေကန်ထဲမှ အသက်ရှုချက်တိုင်းသည် သူ့အတွက် စိန်ခေါ်မှုများ ဖြစ်နေသည်။ နာကျင်မှုနှင့်အတူ  သူ၏ခန္ဓာကိုယ်သည်လည်း တဖြေးဖြေး သန်မာလာသည်။
     ထိုအချိန်တွင် ချင်နန်၏ ဦးနှောက်သည် ကြိုးတစ်ချောင်းအား ဆွဲထားရသကဲ့သို့ ခံစားနေရသည်။ သူသည်ကြိုးအား အကောင်းဆုံးကြိုးစားကိုင်ထားရမည်ဖြစ်သည်။ သူ၏ အာရုံစူးစိုက်မှုပျက်သွားသည်နှင့် ကြိုးကလည်းအချိန်မရွေး ပြတ်သွားမည် ဖြစ်သည်။
     ငါးနာရီကြာပြီးသည့်အချိန်တွင် ချင်နန်အား ဓါးဖြင့်အကြိမ်ကြိမ်မွှန်းထားသကဲ့သို့ ရေကန်က သွေးရေကန်ဖြစ်နေသည်။
     ခရမ်းတောက်ကြာပန်း အရည်ထဲတွင်စိမ်ခြင်းသည် အန္တရယ်မရှိသော်လည်း အရေပြားကို အလွန်အမင်းနာကျင်စေသောကြောင့် သွေးများထွက်ခြင်းဖြစ်သည်။
     ချင်နန်သည် ကြောက်စရာကောင်းသော နာကျင်မှုအား ခံစားနေရစဉ်တွင် ချီစွမ်းအင်စီးဆင်းမှုသည် ကိုယ်တွင်းအင်္ဂါများအပါအဝင် တစ်ကိုယ်လုံးကို သန့်စင်ပေးနေသည်။
     ဒီခရမ်းတောက်ကြာပန်း ရေကန်ထဲတွင် ငါးနာရီစိမ်ခြင်းသည် ငါးရက်ကျင့်ကြံခြင်းနှင့် ညီမျှပေသည်။
     “ ဆက်စုပ်ယူရဦးမယ်.....မရသေးဘူး.....မရသေးဘူး.....မလုံလောက်သေးဘူး "
     ချင်နန်သည် အံကိုတင်းတင်းကြိတ်ကာ ဆက်လက်ကြုံးဝါးနေပြီး သူ၏ခြေထောက်များပေါ်  ခဲဖြင့်ဖိချထားသကဲ့သို့ အမြစ်တွယ်နေသည်။
     ဆယ်နှစ်နှာရီခန့်အကြာတွင် ချင်နန်၏ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကျယ်သော အင်အားတစ်ခု ထွက်ပေါ်လာပြီး ရေကန်မှာ ပြန်ကြည်လင်သွားခဲ့သည်။
     တစ်ချိန်တည်းမှာပင် ချင်နန်၏ ရှုံ့မဲ့နေသောမျက်နှာသည် ပြန်လည်တည်ငြိမ်သွားပြီး ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။
     ထို့နောက်တွင် ချင်နန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သောအော်ရာ ထွက်ပေါ်လာသည်။ သူသည် ယခု ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခြောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
     “ ငါ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ခြောက်ကို ရောက်ရှိခဲ့ပြီပဲ "
     ချင်နန်သည် စိတ်လှုပ်ရှားသည့် မျက်နှာဖြင့် အသက်ရှုနေသည်။
     ချင်နန်သည် သူ၏ ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားများကို ခံစားမိလိုက်ပြီး လက်သီးဆုပ်လိုက်ကာ
     “ ဒါ့အပြင် ငါ့ရဲ့ခန္ဓာကိုယ်စွမ်းအားတွေက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်ထက် အားမနည်းဘူးလို့ ခံစားနေရတယ် "
     ပုံမှန်အားဖြင့် ခရမ်းတောက်ကြာပန်း ပွင့်ဖတ်တစ်ခုသည် ကျင်ကြံသူတစ်ယောက်ကို ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်ရောက်အောင် ကူညီပေးနိုင်သည်။
    
     ချင်နန်သည် ခရမ်းတောက်ကြာပန်းတစ်ပွင့်လုံးကို သုံးစွဲခဲ့သဖြင့် ချီစွမ်းအင်ပမာဏသည် လုံလောက်ရုံသာမကပိုလျှံနေပြီး သူ၏စွမ်းအားများသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ခုနှစ် နှင့်တန်းတူဖြစ်နေသည်။
     “ အခုချိန်မှာသာ ငါ လီချန်းယွင်နဲ့ တိုက်ခိုက်ရမယ်ဆိုရင်  ငါသူ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ် "
     ထို့နောက်တွင် ချင်နန် ပြန်လည်တည်ငြိမ်သွားသည်။
     သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခြောက်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှ စွမ်းအားများသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ်နှင့် ညီမျှပေသည်။ သူ၏ စွမ်းအားများနှင့် ကျင့်သားရပြီး ထိန်းချုပ်နိုင်အောင်  လေ့လာရဦးမည် ဖြစ်သည်။
     ဥပမာအနေဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ငါး၏ လက်သီးချက်သည် သစ်ပင်ကြီးတစ်ပင်အားထက်ပိုင်းကျိုးသွားစေနိုင်သည်။
     ယခုအချိန်တွင် ချင်နန်၏ လက်သီးချက်သည် သစ်ပင်အား အမှုန့်ဖြစ်သွားစေလိမ့်မည် ဖြစ်သည်။
    
     ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခြောက်သို့ ရောက်သွားသောအခါ အရိုးနှင့်အဆစ်များ သန်မာလာသည်။ ထို့ကြောင့် ချင်နန်အတွက် သူ၏စွမ်းအားများကို ထိန်းချုပ်ရန် လွယ်ကူခဲ့သည်။
     “ ကောင်းပြီ....ငါအခု ရှန်းရွှင်ဆေးလုံးနှစ်ဆယ်စားပြီး ဟွှာအဆင့်ကိုးသိုင်းဝိညာဉ် ဖြစ်လာမလားဆိုတာ ကြည့်ရမယ် "
     ချင်နန်သည် နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ နတ်ဘုရားသိုင်းဝိညာဉ်ကိုထုတ်ဖော်ကာ ရှန်းရွှင်ဆေးလုံးနှစ်ဆယ်ကို မြိုချလိုက်သည်။
     အချိန်အနည်းငယ် စောင့်ဆိုင်းလိုက်သော်လည်း နတ်ဘုရားသိုင်းဝိညာဉ်သည် တိုးတက်မှု စိုးစိမျှပင် ဖြစ်မလာချေ။ ထိုအဖြစ်အပျက်သည် ချင်နန်အား မသာမယာဖြစ်သွားစေသည်။
     ဒီရှန်းရွှင်ဆေးလုံးနှစ်ဆယ် အပါအဝင် သူအသုံးပြုခဲ့သည်မှာ ရှန်းရွှင်ဆေးလုံး ခုနှစ်ဆယ်ရှိပြီ ဖြစ်သည်။ ၎င်းသည် သန့်စင်ခြင်းဆေးလုံး ခုနှစ်ထောင်နှင့် ညီမျှပေသည်။ထိုဆေးလုံးများအားလုံးအသုံးပြုခဲ့သော်လည်း နတ်ဘုရားသိုင်းဝိညာဉ်သည် နောက်တစ်ဆင့် မတက်သေးပါ။
     “ ဟူးးး....ငါ ကျင့်ကြံမှုတိုးတက်အောင်ပဲ ဦးစားပေးသင့်တယ်၊ ငါရဲ့ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးနဲ့ ‌ပိုကောင်းတဲ့ရတနာတွေကိုရှာရမယ်၊ ငါ ခရမ်းတောက်ကြာပန်းလို ရတနာရှာတွေ့ခဲ့မယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံမှုကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ခုနှစ်ထိ မြှင့်တင်နိုင်မယ်၊ အဲ့ဒါမှ အပြာရောင်နဂါးတံဆိပ်တွေကိုရှာဖွေဖို့ ငါ့မှာစွမ်းအား ရှိလာလိမ့်မယ် "

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora