[ကြက်ကို မီးထဲထည့်ကင်တာမျိုး ငါတခါမှမတွေ့ဖူးဘူး သူတို့ သေချာပေါက် မီးသွေးဖြစ်သွားမှာမဟုတ်ဘူးလား ရှောင်ပိုင်က အရည်အချင်းရှိတဲ့ စားဖိုမှူးတစ်ဦးဆိုတာ ဝန်ခံရမှာဖြစ်ပေမယ့်လည်း၊ သူ အရင်က အကင် မလုပ်ဖူးဘူးလေ ဒီတစ်ခေါက်မှာ သူ့ရဲ့ဟင်းလျာကိုမြင်ရတာ စိတ်ပျက်မိတယ်လို့ပဲ ငါပြောရလိမ့်မယ် ဘယ်သူမှ အဲ့ဒါကို စားရဲကြမှာမဟုတ်ဘူး]
[သူလုပ်ထားတဲ့ အရံဟင်းတွေက အရသာရှိပြီး ချက်ရလွယ်ကူတယ် ဆင်တူတဲ့ပါဝင်ပစ္စည်းတွေကို ငါ တောထဲမှာသွားရှာပြီး ရှောင်ပိုင်ဆီကနေ ချက်နည်းသင်ယူမယ်]
[ ရှောင်ပိုင် တောထဲမှာ ပါဝင်ပစ္စည်းတွေ အများကြီး ရှာတွေ့သွားပြီးကတည်းက၊ အဲ့ဒီနေရာကို အဖွဲ့တွေအများကြီးသွားခဲ့ကြတယ် အဲ့ဒီအပြင် ရှောင်ပိုင်က သူချက်ပြုတ်တိုင်း၊ ချက်ပြုတ်နည်းအဆင့်ဆင့်ကို အသေးစိတ်ရှင်းပြတတ်တယ်လေ ငါ ဟင်းချက်နည်းအချို့ကို လေ့လာခဲ့ပြီး မိသားစုအတွက် ဟင်းလျာတစ်ချို့ပြုလုပ်ခဲ့တယ် အမေက ငါ ဟင်းချက်တာကောင်းတယ်လို့တောင်ပြောတယ် ကျေးဇူးတင်ပါတယ် ရှောင်ပိုင်!]
[ကျွန်တော်လည်းပဲ သူ့ရဲ့ချက်ပြုတ်နည်းအဆင့် တွေအတိုင်း လိုက်ချက်ဖို့ အကောင်းဆုံး ကြိုးစားနေတယ် အစစ်အမှန်လက်တွေ့ကမ္ဘာမှာဆို ပါဝင်ပစ္စည်းတွေက ဈေးကြီးလွန်းပေမယ့် ဒုတိယမြောက်ကမ္ဘာမှာတော့ အဲဒီစျေးပေါတဲ့ပစ္စည်းတွေကို ဝယ်နိုင်ပါသေးတယ် ဒါ့အပြင်၊ ကျွန်တော်တို့က လိုအပ်တာတွေကို တောထဲမှာ ရှာဖွေလို့လည်းရတယ် ဒါက ကျွန်တော်တို့ အရင်က လုံး၀မတွေးကြည့်ဖူးတဲ့အရာတစ်ခုပဲ]
[ဒါက ဘာကြောင့်မို့ ရှောင်ပိုင် လူတွေကြားထဲမှာ အရမ်းရေပန်းစားရလဲဆိုတဲ့အကြောင်းရင်းပဲ ရှောင်ပိုင်လိုမျိုး ချစ်စရာကောင်းတဲ့တစ်စုံတစ်ယောက်ကို ဆဲဆိုနေကြတဲ့ anti-fans တွေရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ငါ နားကိုမလည်နိုင်ဘူး]
အချိန်ကြာလာသည်နှင့်အမျှ ရှောင်ပိုင်၏ကိုယ်ဟန်အနေအထားကသာ ပုံမှန်အတိုင်း ဆက်လက်တည်ရှိနေပြီး အတွေးများက ဝေဝါးလာတော့၏။ သူ စိတ်ပျံ့လွင့်နေဟန်ရှိသည်။ တကယ်တော့ သူက သူ့လယ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်ကို တွေးနေခြင်းပင်။
