"လူတိုင်းက အပေါ်မှာပေးထားတဲ့ ပါဝင်ပစ္စည်း အနည်းဆုံးငါးခုကို ရှာဖို့လိုအပ်ပြီး အဲဒါတွေကို ရှာဖို့နဲ့ ဒီကိုပြန်လာဖို့အတွက် မင်းတို့မှာ အချိန်နှစ်နာရီရှိပါတယ် အဲဒီနောက်မှာမှ ဂိမ်းကို စတင်ပါ့မယ်ခင်ဗျာ"တင်ဆက်သူ ပြောပြီးသွားသည်နှင့် ပြိုင်ပွဲဝင်များသည် အဝေးကိုပြေး၍ ပါဝင်ပစ္စည်းများကို ရှာဖွေကြသည်။ အဆုံးတွင်တော့၊ ၎င်းတို့ကို ရှာဖွေရန် အချိန်နှစ်နာရီဆိုသည်က နည်းပါးလွန်း၏။
အားလုံးကို အံ့သြသွားစေသည်က ပြိုင်ပွဲဝင်အများစုသည် နေရာတွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့ကြခြင်းပင်။
"ရှောင်ပိုင် ဒီတခေါက် ငါတို့ဘယ်သွားကြမလို့လဲ" ဖန်းဝေ့ရွှမ်းသည် ဤတစ်ကြိမ်တွင်လည်း သူ ကုပိုင်နှင့်အဖွဲ့ ,ဖွဲ့ထားသည်ဟု သဘာဝကျကျပင် တွေးနေလေသည်။
သူသာ ကုပိုင်နောက်လိုက်ရင် ဘယ်တော့မှ မှားမှာမဟုတ်ဘူး။
"ငါတို့ရဲ့ကံကို အရင်စမ်းကြည့်ရအောင်" ကုပိုင်က တည်ငြိမ်စွာပြောသည်။တကယ်တော့ သူ့မှာ ပန်းတိုင်မရှိသေးချေ။ သူတို့ ယခုရှိနေသည်က နောက်ဆုံးတစ်ခေါက်က ရှိနေခဲ့သည့်နေရာ မဟုတ်သည့်အပြင် ထိုသို့သွားလျှင်ပင် ပါဝင်ပစ္စည်းများကို ကြည့်ရှုသူတွေ ကောက်ယူသွားပြီးဖြစ်သောကြောင့် ဘာမှရလိမ့်မည်မဟုတ်။
"ဟုတ်ပြီ၊ မြန်မြန်လှုပ်ရှားကြရအောင် ဒီတစ်ခါလည်း နောက်ထပ်ပါဝင်ပစ္စည်းတွေကို ရှာတွေ့တဲ့ထိ ကံကောင်းရင်လည်း ကံကောင်းမှာပေါ့" ဟု ဖန်းဝေ့ရွှမ်းက စိတ်ကောင်း၀င်နေဟန်ဖြင့် ပြောသည်။သူသည် ယခုအကျော့ကို ပြိုင်ပွဲတစ်ခုအဖြစ် မခံယူထားဘဲ ကုန်ကြမ်းစုဆောင်းရန်အတွက် လုပ်ငန်းစဉ်တစ်ခုဟု ခံယူထား၏။
နောက်ဆုံးတခေါက်တုန်းက သစ်တောထဲတွင် တွေ့ရှိခဲ့သော ပါ၀င်ပစ္စည်းအသစ်များကို ပြန်သတိရသွားသည့်အခါ ဖန်းဝေ့ရွှမ်းသည် မျှော်လင့်ချက်များ ပြည့်နှက်သွားရသည်။
သို့သော် ခဏကြာ လမ်းလျှောက်ပြီးနောက် တစ်စုံတစ်ခုက ထူးဆန်းနေမှန်း သူတို့ သဘောပေါက်သွားရ၏။