Unicode
သို့သော် နောက်ပိုင်းတွင် ပို,ပိုများလှသောလူများက ကုပိုင်အကြောင်း ဆွေးနွေးခဲ့ကြပြီး အဆုံးတွင်တော့ သူ ကုပိုင်ကို အလေးအနက်ထားရန် လိုအပ်လာသည်။
သူ လျှာကဝေပြိုင်ပွဲ ပထမအကျော့ကို တိတ်တဆိတ်ကြည့်ရှုခဲ့သည်။ ကုပိုင်၏အရည်အချင်းက သူ့ကို အကျပ်အတည်းဖြစ်စေ၏။ ကုပိုင်ကိုသာ ပိုသန်မာစေအောင်လွတ်ထားလိုက်မိပါက ကြီးမားသည့်ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်ဆိုတာ သူအလိုလိုသိသည်။
ထင်းယွီသည် သူ၏ ဟင်းချက်ကျွမ်းကျင်မှုကြောင့်သာမက သူ၏လျို့၀ှက်ကြံစည်လှည့်စားမှုများကြောင့်လည်း လက်ရှိနေရာသို့ ရောက်ရှိလာခြင်းပင်။
ကုပိုင်တွင် ပရိတ်သတ်ပိုများမလာခင် ထိုသူကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုသူသည် ပြိုင်ပွဲတစ်ခုသာ တက်ရောက်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်ထဲသို့ မ၀င်ရောက်လာသည့်အတွက် ထိုသူကို တိုက်ခိုက်ရန်အခွင့်အရေး မရှိခဲ့ပေ။
သူ့အတွက်ကံကောင်းသွားသည်က ခရမ်းချဉ်သီးရုပ်မြင်သံကြားနှင့် ယှဉ်ပြိုင်ရန် ကျင်းပသည့် လျှာကဝေပြိုင်ပွဲသို့ တက်ရောက်ပေးရန် ပန်းသီးရုပ်မြင်သံကြားမှ ဖိတ်ကြားလာခြင်းပင်။ ဒါက ကုပိုင်ကို ဖိနှိပ်ချင်သည့်သူ့အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခုဖြစ်လေသည်။
ထို့ကြောင့် သူ ဖိတ်စာအား ဝမ်းမြောက်၀မ်းသာဖြင့် လက်ခံခဲ့သည်။ပြိုင်ပွဲကာလအတွင်း၊ ထင်းယွီသည် ကုပိုင်က သူ့လက်ရာကိုခိုးယူသည်ဟု ဆိုလိုချင်သောစကားများဖြင့် သူ၏ပရိသတ်များအား တမင်တကာ လမ်းကြောင်းပြပေးခဲ့သည်။ မျှော်လင့်ထားသလိုပင် သူ့ပရိသတ်များက ကုပိုင်ကို သူတို့စိတ်ကြိုက် ဆူပူကျိန်ဆဲပြီး ရှုတ်ချခဲ့ကြသည်။ သို့သော်လည်း ကုပိုင်အပေါ် လွှမ်းမိုးမှုလုံးဝမရှိခဲ့ဘဲ နောက်ပိုင်းတွင် ပရိသတ်အများအပြားကိုပင် ရရှိသွားသေး၏။
ထိုသူက သူ့အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့ပြီး ထင်းယွီနှင့် သူ့ပရိသတ်များကို တိုက်ရိုက်လျစ်လျူရှုခဲ့သည်။