Arc 17.3

2.7K 372 0
                                    

Unicode

မှောင်ရိပ်သန်းနေတဲ့လမ်းကျဉ်းလေးတစ်လျောက်…
အမဲရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားတဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ သူမရဲ့ရင်ဘတ်ကို လက်နဲ့ကာထားပြီး အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့တယ်။ ဆံပင်များကို သေချာစည်းနှောင်ထားတာကြောင့် သန့်ရှင်းသပ်ရပ်နေပြီး အနည်းငယ်ကော့ညွတ်နေတဲ့ နှုတ်ခမ်းပါးနှင့် ပျင်းရိနေသည့်ပုံစံလေးက ခန့်ညားသည့်လူမိုက်တစ်ယောက်လိုပင်….

များပြားလှသည့် လူတွေက သူမနောက်ကနေ လိုက်နေကြပြီး တချိန်လုံး သူမအကြောင်းကို ဆွေးနွေးနေကြလေရဲ့။

“အဲ့တာ..သူမလား?”

“အကျင့်စရိုက်က နည်းနည်းလေးတော့ ကွာခြားနေသလိုပဲ…”

“ငါတို့ သူမကို အရင်ဖမ်းလိုက်သင့်လား”

“လာနောက်နေတာလား?...သူမက လူတွေအများကြီးကို သတ်ခဲ့တာ… ငါတို့ဒီလူနည်းနည်းလေးနဲ့ အဲ့မိန်းမကို ဖမ်းနိုင်မယ်များထင်နေလား… ငါထင်တာတော့ ငါတို့ပြန်သွားပြီး လူများများသွားစုကြတာ ပိုအဆင်ပြေမယ်”

“မှန်တယ်…ဒီလိုလုပ်…မင်းတို့ သူ့နောက်ကို ဆက်လိုက်သွားလိုက်.. ငါက လူသွားခေါ်လိုက်မယ်”

သူတို့ထဲကတစ်ယောက်ထွက်သွားတော့ ကျန်တဲ့လူတွေက အမဲရောင်ဂါဝန်နဲ့ကောင်မလေးကို ဆက်ပြီးနောက်ယောင်ခံလိုက်ဖို့ လှည့်ကြည့်လိုက်တဲ့အချိန် အရိပ်အယောင်တောင် မမြင်ရတော့ဘူး။ သူတို့တွေလည်း လမ်းကြားလေးရဲ့အပြင်ကို ချက်ချင်းထွက်လိုက်ပြီး အနီးဝန်းကျင်တဝိုက် လိုက်ရှာကြည့်ပေမယ့် ရှာလို့မတွေ့တော့ဘူး။

ထိုလူတွေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ​ကြောင်​တောင်​တောင်ဖြစ်​နေကြတယ် ‘ ဒီမှာ ငါတို့လူတွေ ဒီလောက်အများကြီး ရှိနေတာလေ… သူမက မျက်စိတစ်မှတ်အတွင်း ဘယ်လိုတောင် ပျောက်ကွယ်သွားတာလဲ’

“​ဟေး..!”

ရှင်းလင်းပီသတဲ့အသံတစ်ခုက သူတို့ဘေးနားကနေ ထွက်ပေါ်လာခဲ့ပြန်တယ်။ လူတိုင်း သူတို့ဘေးမှာရှိနေတဲ့ သစ်ပင်ကြီးကို တစ်ချိန်တည်းကြည့်လိုက်ကြပေမယ့် ထူထဲနေတဲ့သစ်ရွက်တွေကလွဲရင် ဘာဆိုဘာမှ မတွေ့ရဘူး။ သစ်ပင်အနားကို ချဉ်းကပ်သွားလိုက်ပြီး အပေါ်ကို မေ့ကြည့်လိုက်ကြတယ်။

အမဲရောင်ဂါဝန်နဲ့မိန်းကလေးက သစ်ကိုင်းအကြီးကြီးတစ်ခုပေါ်မှာထိုင်နေပြီး သူမရဲ့ခြေထောက်လေးတွေကို ညင်သာစွာ လွှဲလို့နေတယ်။ သူမလှုပ်ရှားလိုက်တိုင်း ဂါဝန်အနားမှာကွပ်ထားတဲ့ အနီရောင်ပန်းကနုတ်လေးတွေက နေရောင်နဲ့အချိန်ကိုက်အလင်းပြန်ကာ လှပစွာယိမ်းနွဲ့နေလေရဲ့။

“နင်တို့ ပြသနာရှာချင်လို့လား”
ရှီရှန်းက သစ်ကိုင်းကို လက်ထောက်လိုက်ပြီး အောက်မှာရှိနေတဲ့လူတွေကိုငုံကြည့်ကာ ယုံကြည်ချက်ရှိရှိ စိတ်ကြီးဝင်နေသည့်ဟန်ပြန်ဖြင့် မေးလိုက်တယ်…

‘ပြေးဟ!’
တစ်ယောက်နဲ့တစ်ယောက် ပြောနေစရာမလိုအောင်ပဲ…သူတို့တွေ ချက်ချင်းနောက်လှည့်ပြီး ဓားပျံစီးကာ ပြေးကြရောပဲ။

‘သတ္တိမရှိလိုက်ကြတာ၊ တစ်ခွန်းတစ်လေလောက်ဖြစ်ဖြစ် ဆဲသွားကြာပါလား …ဟမ့်’

ရှီရှန်း သစ်ပင်ပေါ်ကနေခုန်ချလိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်တယ်။ ရုတ်တရက် ခုနကထွက်ပြေးသွားတဲ့လူတွေအားလုံး လူအုပ်လိုက်ကြီးကိုခေါ်ပြီး ပြန်ရောက်လာကြပြန်တယ်…

“ငါxိုး…သူတို့တွေက လူတွေအများကြီး ဒီကို ခေါ်ချလာတယ်…ငါ့ကို အဲ့လောက်လွယ်လွယ်နဲ့ နိုင်နိုင်မယ်များ ထင်နေကြတာလား?”

လူအုပ်ကြီးက ရှီရှန်းကို ဝန်းရံလိုက်ကြပြီး လူအနည်းငယ်က အနောက်မှာမတ်တပ်ရပ်ကြည့်နေကြတယ်။
သေချာတာပေါ့… နောက်ကလူတွေက တခြားလူတွေထက် ရာထူးစွမ်းအားအဆင့်မြင့်တယ်ဆိုတာ။

“ဆရာဦးလေး ဝူချန်”
သူတို့ မြေပြင်ပေါ်ရောက်တာနဲ့ တခြားလူတွေက ချက်ချင်းဦးညွတ်ကာ အရိုအသေပေးကြတော့တယ်။

ရှီရှန်းက ရှေ့ဆုံးကနေ ဦးဆောင်လာတဲ့လူကို လှမ်းကြည့်လိုက်တယ်။ ထိုသူက အစိမ်းရောင်ကြိုးစလေးနဲ့ ဆံပင်တွေကို သေသပ်စွာစည်းနှောင်ထားပြီး ကျောက်စိမ်းခေါင်းစည်းအဆင်တန်ဆာကို ဆင်ယင်ထားတယ်။ သူရဲ့ခါးမှာတော့ ဝါးရွက်သုံးရွက်သဏ္ဍာန်ပန်းမွှားလေးတွေပါတဲ့ ကျောက်စိမ်းအဆောင်တစ်ခုကို ချိတ်ဆွဲလို့ထားတယ်။

တချိန်တည်းမှာပဲ ထိုလူက ရှီရှန်းကို အထင်သေးသလိုအပြုံးမျိုးနဲ့ စူးစိုက်ကြည့်လာခဲ့တယ်။

“ဒီတစ်ယောက်က ယွဲ့ရန်ဂိုဏ်းကညီအစ်ကိုတွေကို သတ်ခဲ့တယ်ဆိုတဲ့ မြေခွေးမိစ္ဆာလေးလား”

“ဟုတ်ပါတယ်..ဆရာဦးလေး ဝူချန်”

ခုနက ရှီရှန်းကို နောက်ယောင်ခံလိုက်နေခဲ့တဲ့လူတွေက ချက်ချင်းပဲပြန်ဖြေလိုက်ကြတယ်။

“အဲ့တာဆိုလည်း ဖမ်းကြတော့” ဝူချန်က သူ့ရဲ့လက်ကို ဟန်ပါပါနဲ့ဝှေ့ရမ်းကာ အမိန့်ပေးလိုက်တယ်။

သူ့မျက်လုံးထဲမှာ ရှီရှန်းကို အလွယ်တကူဖမ်းနိုင်မယ်လို့ ထင်နေခဲ့တာပေါ့။

ရှီရှန်းက မျက်မှောင်ကြုံ့လိုက်ပြီး သူမရဲ့ဓားကို ဆင့်ခေါ်လိုက်တယ်။ ဓားရဲ့ထက်မြက်တဲ့အငွေ့အသက်တွေက သူမဘေးနားကလူတွေကို ထိတ်လန့်သွားစေပြီး အနောက်ဘက်ကို အလိုလို ဆုတ်မိသွားစေတယ်။

အကုန်လုံးက ရှီရှန်းလက်ထဲကဓားကို သိချင်စိတ်ပြင်းပြစွာနဲ့ စူးစိုက်ကြည့်နေကြပြန်တယ်။

‘ဘယ်လိုဓားမျိုးပါလိမ့်? ….ကြည့်ရတာ အရှိန်အဝါပြင်းလိုက်တာ’

“ဆရာဦးလေး ဝူချန်… သူမက တကယ်ကို စွမ်းအားကြီးတယ်”

တစ်ယောက်မှ ရှီရှန်းအနားကို ထပ်မတိုးရဲကြဘူး… ယွိရီဆိုတာ ယွဲ့ရီဂိုဏ်းက များပြားလှတဲ့ညီအစ်ကိုတွေကို သတ်ခဲ့တဲ့မြေခွေးမိစ္ဆာမလေ…

“ဟမ့်…မင်းတို့အားလုံးက ဒီမြေခွေးမိစ္ဆာသေးသေးလေးကို ကြောက်နေကြတာလား… ဝမ်ရှန်းဂိုဏ်းအတွက် ရှက်စရာပဲ” ဝူချန်ရဲ့အသံက မကျယ်ပေမယ့် သူ့စကားလုံးတွေက လူတိုင်းကို ထေ့ငေါ့နေသလိုပဲ..

လူအုပ်ကြီးက ရှက်လွန်းလို့ ခေါင်းမဖော်နိုင်အောင် ဖြစ်သွားကြတယ်။

ဝူချန်က ရှီရှန်ဘက်ကိုလှည့်လိုက်ကာ ​ပေ့ာလိုက်တယ်
“မြေခွေးမိစ္ဆာလေး… မင်းသာ ငါ့နောက်ကို လိမ်လိမ်မာမာနဲ့လိုက်ခဲ့မယ်ဆိုရင် မင်းကိုနာကျင်အောင်မလုပ်ဘူး…ဘယ်လိုလဲ??”

ရှီရှန်းက ဓားကို အသာဝှေ့ရမ်းလိုက်ပြီး အထင်သေးသလို နှာမှုတ်လိုက်​လေတယ်
“နင့်ကိုယ်နင် တလောကလုံးမှာ အတော်ဆုံးများထင်နေလား?.. ငါတို့ဘာလို့ မတိုက်ခိုက်ကြရမှာလဲ?”
‘မြေခွေးမိစ္ဆာလေး?...သေလိုက်ပါလား…နင့်တစ်အိမ်လုံးပဲ မြေခွေးမိစ္ဆာလေး !’

“ဟမ်?”
ဝူချန်တစ်ယောက် အံ့အားသင့်သွားရသလို သူ့မျက်ဝန်းထဲမှာလည်း အပြုံးရိပ်သန်းသွားခဲ့တယ်..
“မြေခွေးမိစ္ဆာလေး.. မင်းက တကယ်ကို သတ္တိရှိတာပဲ !”

‘ငါဘယ်လောက်သတ္တိကောင်းတယ်ဆိုတာ နင်သိနိုင်မှာမဟုတ်ပါဘူး.’
ရှီးရှန်က သူမရဲ့ကိုယ်ဟန်ကို ပေါ့ပါးစွာပြောင်းလိုက်ပြီး ဝူချန်ဆီကို ပြေးဝင်သွားလိုက်တယ်။ လေထုကိုခွင်းသွားတဲ့ သူမရဲ့ဓားက ပတ်ဝန်းကျင်က လေထုကို သိမ့်သိမ့်တုန်သွားစေတယ်။

ဝူချန်လည်း လျင်မြန်စွာလှုပ်ရှားလိုက်တယ်။ သူ့နားကို ဓားမရောက်ခင် ဘေးဘက်ကိုရှောင်တိမ်းလိုက်ပြီး
“မြေခွေးမိစ္ဆာလေး.. ဘာလို့ရုတ်တရက်ကြီး တိုက်ခိုက်ရတာလဲ?”
“အဲ့တော့ မတိုက်ခင် စားသောက်ပွဲလုပ်ရဦးမှာလား?”
ရှီရှန်းက ဝူချန်ကို ဓားနဲ့တရစပ်ခုတ်ပစ်လိုက်တယ်။

“ဒါလည်း အဆင်ပြေတာပဲ…” ဝူချန်က ရှီရှန်းရဲ့ဓားချက်တွေကို လေထဲမှာပဲ ခုန်ရှောင်လိုက်တယ်…
“မင်းက တကယ့်ကို အလှလေးဆိုတော့.. ငါ့အစေခံလုပ်ပါလား.. ဘယ်လိုထင်လဲ , မြေခွေးမိစ္ဆာလေး??”

‘ထပ်ပြီး မြေခွေးမိစ္ဆာလေးလို့ ခေါ်ပြန်ပြီ.. ငါxိုး ငါ့ကိုအဲ့လိုခေါ်တာ ရပ်လိုက်စမ်း’

ရှီရှန်းကလည်း ရက်ရက်စက်စက် ပြန်လည်တုန့်ပြန်လိုက်တယ်..
“နင်က ဒီလောက်တောင် ရုပ်ဆိုးတာ..ငါနင့်ကို ငရဲပို့မှဖြစ်တော့မယ်…အဲ့တာဆို ငါ့မျက်လုံးတွေ မညစ်ညမ်းတော့ဘူး”

“ငါက ရုပ်ဆိုးတယ် ???” ဝူချန်က သူ့မျက်နှာကို အံ့ဩတကြီးထိကြည့်လိုက်တယ်..
“ငါက ဝမ်ရှန်းဂိုဏ်းမှ အချောဆုံးပါ”

“အို့… အဲ့လိုဆိုရင်တော့ ဝမ်ရှန်းဂိုဏ်းက တခြားလူတွေက ကန်းနေတာပဲနေမှာ”
ရှီရှန်းက လှောင်ပြောင်လိုက်ပြီး ဝူချန်ရဲ့ဘယ်ဘက်ကို လျှင်မြန်စွာရွေ့လျားလိုက်ကာ သူ့လည်ပင်းကို ဓားဖြင့်ချိန်ရွယ်ထားလိုက်ပြန်တယ်။ ဝူချန်က အဲ့တာကို မျက်လုံးထဲတောင် မထည့်ဘူး။ ဓားက သူ့နားရောက်ခါနီးတာနဲ့ အသာခုန်လိုက်ပြီး ရှီရှန်းရဲ့ဓားကို ခြေဖျားလေးနဲ့ အသာခတ်လိုက်တယ်။

“မြေခွေးမိစ္ဆာလေး… ငါနည်းနည်း စိတ်ဆိုးလာပြီနော်”
“ငါက ပိုတောင် စိတ်ဆိုးသေးတယ်…”
ရှီရှန်းက ဓားကိုဝေ့ရမ်းလိုက်၏။
ဓားဆီကနေ ပြင်းထန်တဲ့အရှိန်အဝါကြောင့် ဝူချန်ရဲ့မျက်နှာက ပျက်ယွင်းသွားခဲ့တယ်။ သူရဲ့လက်ဝါးကို အပြင်ဘက်ဆန့်ထုတ်လိုက်ပြီး ဓားဆီကထွက်ပေါ်လာတဲ့ ချီစွမ်းအားတွေကို ခုခံလိုက်ရတယ်။ ပင်လယ်ရေလှိုင်းလို မမြင်နိုင်တဲ့ လေထုကြီးက ဘေးဘက်ကိုကန်ထွက်သွားပြီး ရှီရှန်းဘေးပတ်လည်ကလူတွေကို လဲကျသွားစေခဲ့တယ်။

ဝူချန်က ထိုစွမ်းအားလှိုင်းကြီးရဲ့လွတ်ကင်းရာကို အမြန်ဆုံးခုန်ရှောင်လိုက်တော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့သွေးတွေက ပါးစပ်ထဲအထိ ပြည့်လျှံထွက်လာခဲ့တာကြောင့် မထွေးထုတ်မိအောင် ပြန်ထိန်းထားလိုက်တယ်။

‘အခုလေးတင် ဒီစွမ်းအားလှိုင်းက…………’
အတွင်းဒဏ်ရာကြောင့် ကန်ထွက်လာတဲ့သွေးတွေကို ထိန်းချုပ်ထားခဲ့မိတာကြောင့် သူရဲ့သွေးကြောတွေလည်း နာကျင်လာခဲ့တော့တယ်။ လူတိုင်း ရှီရှန်းရဲ့ဓားကို အံ့ဩတကြီး ဝိုင်းကြည့်လိုက်ကြတယ်။

ရှီရှန်းလည်း သူမရဲ့ဓားကို တွေဝေစွာနဲ့ငေးကြည့်နေခဲ့မိတယ်။ သူမရဲ့ဓားက အဲ့လောက်စွမ်းအားကြီးတယ်ဆိုတာ သူမကိုယ်တိုင်တောင် မသိခဲ့ဘူးလေ။

ပြိုင်ဘက်က တကယ်ကို စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ သူမအတွင်းအားနည်းနည်း ထုတ်လိုက်ရုံနဲ့ ဓားကိုဖြတ်သွားတဲ့အချိန် အတွင်းအားနှစ်ဆဖြစ်သွားရော..

‘ငါ့ဓားက လုံးဝလန်းလွန်းတယ်..!’
‘ငါက အဆင့်မြှင့်ဓားပါနော်… Ok?’
“တော်လိုက်တာ” ရှီးရှန်က ပြုံးလိုက်ပြီး သူမဓားကို အသာထိလိုက်တယ်…

‘ငါ့အတွက်ရော လုံးဝမိုက်နေအောင် အဆင့်မြှင့်လို့ရတဲ့ပစ္စည်းမရှိဘူးလား’

“ဆရာဦးလေး ဝူချန်..”

“ဆရာဦးလေး ဝူချန်.. အဆင်ပြေရဲ့လား?”

ဝမ်ရှန်းဂိုဏ်းတပည့်တွေက ဝူချန်အနားကို အပြေးအလွှားရောက်လာကြတယ်။ ဝူချန်က သွေးတွေကို လည်ပင်းတစ်လျှောက် ပြန်လည်မြိုချလိုက်ပြီး တည်ကြည်တဲ့အကြည့်တို့ဖြင့် ​ပြောလိုက်တယ်

“ တိုက်ကွက်ပုံစံ ခင်းကြ”

သူ့စကားကို ကြားတာနဲ့ ဝမ်ရှန်းဂိုဏ်းတပည့်တွေက ရှီရှန်းအနားကို ချက်ချင်းပြေးသွားကြပြီး ပုံစံသုံးထပ်ဖြင့် ဝန်းရံလိုက်ကြလေရဲ့။ ဒါပေမဲ့ သူတို့ တိုက်ကွက်လည်း ခင်းပြီးရော အလယ်မှာရှိနေရမယ့်လူက ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။

‘အရူးတွေ! ငါက အဲ့မှာ မတ်တပ်ရပ်နေပြီး နင်တို့တိုက်ကွက်ခင်းနေတာကို ခွင့်ပြုပေးရမှာလား?’

ဝူချန်က ဓားပျံပေါ်မှာထိုင်နေတဲ့ကောင်မလေးကို တချက်ကြည့်လိုက်ပြီး စိမ်းသက်တဲ့အမူအရာတချို့ သူ့မျက်ဝန်းထဲကနေ ထွက်ပေါ်လာတယ်။ သူတွေဝေနေတုန်းမှာပဲ ခရမ်းရောင်အလင်းတန်းတချို့ ကောင်းကင်ပေါ်ကနေ ကျလာခဲ့ပြန်တယ်။
ဝူချန်လည်း အန္တရာယ်ကို ခံစားမိလိုက်တယ်…
“ရှောင်ကြ…”

လူတိုင်း အနောက်ဘက်ကို အပြေးအလွှား ခုန်ရှောင်ကြရတော့တယ်။

“ဘုန်း!!!….”
သူတို့နောက်ကပေါက်ကွဲသံကြောင့် ဆံပင်တွေတောင် ထောင်သွားသလိုပဲ.. သူတို့ရဲ့နောက်ကို ကြောက်လန့်စရာကောင်းတဲ့စွမ်းအားတစ်ခုက အဆက်မပြတ်လိုက်နေသလို ခံစားလိုက်ရပြီး နောက်ကျောတစ်ခုလုံး ချွေးတွေနဲ့ရွှဲနင့်နေကြတော့တယ်။
ထို့နောက် လူတိုင်း ဒီနေရာကနေ ထွက်ပြေးဖို့ကြိုးစားကြတော့တယ်။
…………………………………


Tramslated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now