Unicode
မြို့တော့ဝန်က လူလွှတ်ပြီး အလောင်းသယ်ခိုင်းလိုက်တယ်။ ယွဲ့ရန်ဂိုဏ်းသားတွေလည်း ထိုလူနဲ့အတူ ရောက်ချလာတော့တယ်။
ကောင်းရော..
မီးတောင်ရှိရာ မိုးကြိုးပစ်လိုက်သလိုပဲ..
ယွဲ့ရန်ဂိုဏ်းသားတွေက လူအုပ်ထဲမှာရောနှောနေတဲ့ ယွီရှောင်ချီကို သတိထားမိလိုက်ကြတယ်။ သူမနဲ့ရွှမ်ဖုန်းက ဒီရက်ပိုင်းအတွင်းမှာ အတူတူသွားလာနေခဲ့ကြတာဆိုတော့ ယွဲ့ရန်ဂိုဏ်းသားတွေလည်း သူမကိုသိနေခဲ့ကြပြီ။ သူတို့တွေက ယွီရှောင်ချီနဲ့ရွှမ်ဖုန်းကို တစ်ဖွဲ့တည်းလို့ သတ်မှတ်ထားပြီးသား။ အံ့ဩစရာမရှိအောင် ယွီရှောင်ချီကို ဝိုင်းတိုက်ခိုက်ကြတော့တယ်။
အမျိုးသားဇာတ်လိုက်ကလည်း သူမကိုကာကွယ်ရင်း ပြန်တိုက်ခိုက်လာတော့ တည်းခိုဆောင်လေးအတွင်းမှာ အဖွဲ့နှစ်ဖွဲ့က သည်းသည်းမဲမဲတိုက်ခိုက်နေကြသလို မကြောက်တတ်တဲ့လူတစ်ချို့ကလည်း သူတို့ကိုဝန်းရံပြီး ကြည့်ရှုနေကြတယ်။
“ယွဲ့ရန်ဂိုဏ်းသားတွေက အဲ့ကောင်မလေးကို မိစ္ဆာလို့ခေါ်လိုက်တာမလား..? အဲ့ကောင်မလေးက မိစ္ဆာတစ်ကောင်လား..?”
“ဒါဆို လူတွေရဲ့နှလုံးကို လိုက်ထုတ်နေတဲ့လူသတ်သမားများလား..?”
မဖြစ်နိုင်တာ..”
“ပိုလှလေ ပိုပြီးလှည့်ဖျားတတ်လေပဲ..”
လူအုပ်ကြီးက အပြင်းအထန် ဆွေးနွေးနေကြတဲ့အချိန် ဝူချန်နဲ့ရှီရှန်းက အပေါ်ထပ်မှာ မတ်တပ်ရပ်နေခဲ့တယ်။
“ရှောင်ရီ.. ကိုယ်သတ်လိုက်ရတော့မလား..?”
“ဘယ်သူ့ကို သတ်မှာလဲ?” ‘ဒါက ငါ့စတိုင်မဟုတ်ဘူး..’
“သူတို့ဘာသာ အရင်တိုက်ခိုက်ပါစေ.. ငါတို့က အခွင့်ကောင်းယူလိုက်ရုံပဲ..”
ရှီရှန်းက ဝူချန်ကို အသေးစိတ်ရှင်းပြလိုက်တယ်။
နှလုံးထုတ်ယူခံရတဲ့ဖြစ်ရပ်ကြောင့် ယွဲ့ရန်ဂိုဏ်းရဲ့ ဂိုဏ်းတပည့်တော်တော်များများက ဒီနေရာကိုရောက်ရှိကြတယ်။ အဲ့တာကြောင့် ဂိုဏ်းတပည့်တစ်ယောက်က ပြေးထွက်သွားပြီး ကျန်တဲ့လူတွေကို ထပ်ခေါ်လာခဲ့ပြန်တယ်။ ဒီလိုနဲ့ ယွဲ့ရန်ဂိုဏ်းသားတွေ အရေးနိမ့်တော့မယ့်အချိန် စစ်ကူရောက်လာတော့တယ်။
ယွီရှောင်ချီရဲ့စွမ်းအားက အစကတည်းက အရမ်းကောင်းတာမဟုတ်ဘူး။ ရွှမ်ဖုန်းသာ ကာကွယ်မပေးဘူးဆိုရင် အဖမ်းခံရတာကြာပြီ။ ဒါပေမဲ့ နောက်ဆုံးတော့လည်း အဖမ်းခံလိုက်ရတာပါပဲ။
“ရွှမ်ဖုန်း.. ရပ်လိုက်စမ်း။ မဟုတ်ရင် ဒီမိန်းမကို သတ်ပစ်လိုက်မယ်..”
ရွှမ်ဖုန်းက ယွဲ့ရန်ဂိုဏ်းသားတစ်ယောက်ရဲ့လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး ယွီရှောင်ချီရဲ့လည်ပင်းပေါ်မှာ ဓားထောက်ထားတဲ့လူကို စိုက်ကြည့်လိုက်တယ်။
“ရွှမ်ဖုန်း.. မြန်မြန်ထွက်သွား.. ငါ့ကိုထားခဲ့လိုက်တော့..”
ယွီရှောင်ချီက ရွှမ်ဖုန်းကိုအော်ပြောလိုက်တယ်။
“ပါးစပ်ပိတ်ထားစမ်း..”
ယွီရှောင်ချီကိုဖမ်းထားတဲ့လူက သူမကိုပါးရိုက်လိုက်တယ်။ ပါးရိုက်ခံလိုက်ရတော့ ယွီရှောင်ချီရဲ့ခေါင်းက လည်ထွက်သွားပြီး ဓားသွားနဲ့ခြစ်မိသွားတော့တယ်။
“ရွှမ်ဖုန်း.. သူမကို ဒီနေရာမှာတင် သေသွားစေချင်တာလား..?”
ရွှမ်ဖုန်းက ယွီရှောင်ချီကိုဖမ်းထားတဲ့လူကို သွေးကြောတွေထောင်ထ,လာတဲ့အထိ မုန်းတီးစွာစိုက်ကြည့်လိုက်တယ်။ စက္ကန့်အနည်းငယ်ကြာတော့ လူ့လက်ထဲကဂိုဏ်းသားကို လွှတ်ပေးလိုက်ပြီး..
“သူမကိုလွှတ်လိုက်..”
“မင်းရဲ့စွမ်းအားကို ဖျက်ဆီးလိုက်မယ်ဆိုရင် ဒီမိန်းမကိုလွှတ်ပေးမယ်..”
အေးစက်လာတဲ့လေထုကြောင့် ရွှမ်ဖုန်းအနီးမှာရှိနေတဲ့ ဂိုဏ်းသားတွေအကုန်လုံး တုန်လှုပ်သွားကြတော့တယ်။ ဒါပေမဲ့ သူတို့လက်ထဲမှာ ယွီရှောင်ချီရှိနေတာကို သတိရသွားတော့ ပြန်လည်ရဲရင့်လာကြပြန်တယ်။
“သူမကိုလွှတ်လိုက်..”
ရွှမ်ဖုန်းရဲ့လေသံက ရေခဲတုံးလိုအေးစက်နေခဲ့တယ်။ ယွီရှောင်ချီကိုဖမ်းထားတဲ့လူက ဓာကိုအားထပ်စိုက်လိုက်ပြီး..
“ရွှမ်ဖုန်း.. သူမကို တကယ်သေစေချင်တာလား..?”
ရွှမ်ဖုန်း မြန်မြန်ပြေးတော့..”
ယွီရှောင်ချီက ခေါင်းခါရမ်းပြီး အော်ပြောလိုက်တယ်.
“ဟေး.. သူမကိုသတ်လိုက်စမ်းပါ..”
လူတိုင်း ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် ကြောင်အ,သွားကြပြီး ဒုတိယထပ်ဆီကို အကြည့်ရောက်သွားကြတယ်။ အမဲရောင်ဂါဝန်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ဝရန်တာလက်ရန်းကို သက်သောင့်သက်သာမှီထားပြီး ပြုံးပြနေလေရဲ့။ ဒါပေမဲ့ သူမရဲ့အပြုံးက မုန်းစရာကောင်းတယ်။
“နင်တို့သိလား..? ဗီလိန်တွေဆိုတာ စကားများလွန်းလို့ အမြဲတမ်းသေကြရတာ..”
ရှီရှန်းက သူမကိုစိုက်ကြည့်နေတဲ့ လူတွေရဲ့အကြည့်ကို လျစ်လျူရှုပြီးပြောလိုက်တယ်။
‘ဖမ်းမိတာနဲ့ သတ်စရာရှိတာသတ်ပစ်လိုက်စမ်းပါ..’
‘အရမ်းမရက်စက်လို့ မရဘူးလားကွာ.. မင်းကိုယ်မင်း မိန်းကလေးဆိုတာရော သိသေးရဲ့လား..?’ ဒါက ဝူချန်ရဲ့အတွေး..
‘ဒါပေမဲ့ ငါကြိုက်တယ်.. ဒီမြေခွေးမိစ္ဆာလေးက အရမ်းချစ်စရာကောင်းတာပဲ.. သူမက ငါ့ရဲ့ချိုမြိန်မှုပဲ..”
ယွီရှောင်ချီလည်း ရှီရှန်းကိုမြင်ပြီး တောင့်ခဲသွားခဲ့တယ်။ မိစ္ဆာချင်းအတူတူကို ဒီမိန်းမက သူမကိုသတ်ဖို့ ဘာလို့အော်ပြောနေရတာလဲ..?
“ယွီရီ..”
ယွဲ့ရန်ဂိုဏ်းသားတွေက ရှီရှန်းကိုမြင်တာနဲ့ အော်ဟစ်ကြတော့တယ်..
“သူတို့တွေက တစ်ဖွဲ့တည်းတွေပဲ..”
“ဟမ့်.. လျှောက်ပြောမနေနဲ့.. ဘယ်သူက နင့်ကို ငါတို့တွေကတစ်ဖွဲ့တည်းပါလို့ ပြောခဲ့လို့လဲ..?”
‘ငါက ဇာတ်လိုက်နှစ်ကောင်နဲ့ ပူးပေါင်းစရာလား..? ငါ့ကို မြင့်မြတ်ပြီးဉာဏ်ကောင်းတဲ့လူက အဲ့လိုအဖွဲ့နဲ့ ပူးပေါင်းစရာလား..? ငါတို့တွေက သေချာပေါက် ရန်သူတွေပါနော်..’
“တကယ်လို့ တစ်ဖွဲ့တည်းမဟုတ်ရင် ဘာလို့ရွှမ်ဖုန်ကိုကယ်ခဲ့တာလဲ..?”
ဂိုဏ်းသားတစ်ယောက်က မေးလိုက်တယ်..
‘အာ.. ငါအဲ့တစ်ချက်ကို မေ့သွားတာပဲ..’
ရွှမ်ဖုန်းက ရှီရှန်းကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လာခဲ့တယ်။ ဝူချန်ကလည်း သူမကို ထူးဆန်းတဲ့အကြည့်နဲ့ လှည့်ကြည့်လာတယ်။
‘သူမက ရွှမ်ဖုန်းကိုကယ်တင်ခဲ့တဲ့ မိစ္ဆာဆိုတာလား..? ယွဲ့ရန်ဂိုဏ်းသားတွေ သူမကိုလိုက်သတ်နေကြတာ မထူးဆန်းတော့ပါဘူး.. ဒါပေမဲ့ ကယ်တင်ခဲ့ပြီးမှ ဘာလို့သတ်ချင်နေရပြန်တာလဲ..?’
“ငါလူမှားပြီးကယ်ခဲ့မိတာ..”
ရှီရှန်းက သက်သောင့်သက်သာပဲ ပြန်ဖြေလိုက်တယ်။
“မှားလို့.. ငါမိစ္ဆာမှားပြီးကယ်ခဲ့မိတာ..”
‘မင်းရဲ့ဆင်ခြေတွေက အတွေးပိုများစေတယ်ဟ..’
“နင်တို့ ငါ့ကိုတိုက်ခိုက်ချင်လို့လား..?”
‘ငါလေးက ကိုယ့်ကိုယ်ကို လှမှန်းသိပါတယ်နော်.. ဇာတ်လိုက်နှစ်ကောင်ရေ.. နင်တို့စိုက်ကြည့်နေရုံနဲ့ ငါလေးသေသွားမှာမဟုတ်ဘူး..’
“တိုက်ကြ..”
ယွဲ့ရန်ဂိုဏ်းသားတွေက ဓားကိုဝှေ့ရမ်းလိုက်ပြီး တချို့က အပေါ်ထပ်ကိုတက်လာကြတယ်။ တချို့က ရွှမ်ဖုန်းဆီကို ပြေးသွားကြတယ်။
ရှီရှန်းရဲ့ဓားကို မြင်တွေ့လိုက်တဲ့လူတိုင်း ကြောက်လန့်သွားကြရတယ်..
‘ဒါက ဘယ်လိုဓားအမျိုးအစားလဲ..? လူတွေကို လွယ်လွယ်ကူကူ သတ်ဖြတ်နေလိုက်တာများ..’
ရှီရှန်းက ရွှမ်ဖုန်းရှိရာပြေးသွားလိုက်တယ်။ သူမရဲ့အန္တရာယ်များတဲ့အကြည့်ကြောင့် ယွဲ့ရန်ဂိုဏ်းသားတွေလည်း နောက်ဆုတ်သွားကြပြီး မိစ္ဆာနှစ်ကောင်ရဲ့တိုက်ပွဲကို စောင့်ကြည့်နေလိုက်တော့တယ်။ မိစ္ဆာနှစ်ကောင်က သူတို့ဘာသာ အချင်းချင်းသတ်ကြလိမ့်မယ်။ သူတို့လုပ်ရမှာက ကြားကနေ အမြတ်ဝင်ယူရုံပဲ။
ယွဲ့ရန်ဂိုဏ်းသားတွေလည်း ဘေးကင်းတဲ့နေရာတစ်ခုကို ရွှေ့လိုက်ကြတယ်။
“မင်းငါ့ကို ကယ်ခဲ့တာလား..?”
ရွှမ်ဖုန်းက ရှီရှန်းကို စိုက်ကြည့်လာခဲ့တယ်။
ရှီရှန်းက ပြုံးပြလိုက်ပြီး..
“ငါငယ်ရွယ်တုန်းက အရမ်းနုံအခဲ့မိတယ်.. ခွင့်လွှတ်ပါ..”
‘ငါ့ကိုကယ်တင်ကာ ဘာမှားလို့လဲ..? ဒီမြေခွေးမိစ္ဆာက ထူးဆန်းလိုက်တာ..’
“ငါ့ရဲ့အာရုံကို တခြားနည်းလမ်းနဲ့ ဆွဲဆောင်ဖို့လုပ်နေတာလား..?”
ရှီရှန်းက ရွှမ်ဖုန်းကို ပြန်စိုက်ကြည့်လိုက်ပြီး..
“ငါ့ကိုလာမစမ်းနဲ့.. ငါအခုနင့်ကိုသတ်ချင်နေတာ..
ပြော.. ငါသတ်လို့ရအောင် ဒီအတိုင်းမတ်တပ်ရပ်နေမှာလား.? တစ်ခါတည်း လဲနေပေးမှာလား..?”
“မင်းက ငါ့ကိုသတ်ချင်တယ်..?”
ရွှမ်ဖုန်းက အထင်သေးသလိုကြည့်လိုက်တယ်။ ဒါပေမဲ့ သံသယဝင်လာမိခဲ့တယ်။
‘ငါ့ကိုမကြိုက်ရာကနေ ဘယ်လိုလုပ်သတ်ချင်တဲ့အထိ ဖြစ်သွားရတာလဲ..?’
ရှီရှန်းက သူမရဲ့ဓားကို ဝှေ့ရမ်းလိုက်ပြီး ရွှမ်ဖုန်းဆီကို ပြေးသွားလိုက်တယ်။ ရွှမ်ဖုန်းရဲ့ခုခံအားက ပြင်းထန်လွန်းလို့ အတွင်းအားကို ၅ဆ ပိုထုတ်သုံးလိုက်ရတယ်။
အရမ်းပင်ပန်းတာပဲ…
ရွှမ်ဖုန်းကို သတ်ပစ်ဖို့အထိ မရည်ရွယ်ထားပေမယ့် အတွင်းအားအများကြီးထုတ်သုံးနေရတုန်းပဲ။ ဒီလူက စွမ်းအားကြီးလိုက်တာ။
“ဘုန်း..”
ရွှမ်ဖုန်းက စားပွဲတစ်လုံးရှိရာ လွင့်ထွက်သွားခဲ့တယ်။ သူနဲ့တိုက်မိတဲ့စားပွဲကလည်း ချက်ချင်းပေါက်ကွဲထွက်သွားတော့တယ်။
“ရွှစ်..”
ထက်ရှလွန်းတဲ့ဓားသွားက သူ့ရဲ့မျက်လုံးတွေကြားမှာ ရပ်တန့်သွားခဲ့တာကြောင့် ရွှမ်ဖုန်းတွေဝေသွားတယ်။ သူမကို မယုံကြည်နိုင်သလို မော့ကြည့်လိုက်မိတယ်။
“ငါသတ်လို့ရအောင် လှဲနေပေးတာပဲ..”
ရှီရှန်းက ပြုံးလိုက်တယ်။
“ဝူချန်..”
တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တဲ့ဝူချန်လည်း ဒုတိယထပ်ကနေ ချက်ချင်းခုန်ချလာခဲ့ပြီး ရှီရှန်းရှိရာ လျှောက်သွားလိုက်တယ်။
“ရှောင်ရီ…???”
“သတ်ပစ်လိုက်”
ဝူချန်ရဲ့မျက်ဝန်းထဲမှာ မရေရာမှုတချို့ ဖြတ်ပြေးသွားခဲ့တယ်။ အားနည်းနည်းထပ်စိုက်လိုက်ရင် ရွှမ်ဖုန်းကိုသတ်လို့ရနေပြီလေ။ ဘာလို့ သူကို အကူအညီတောင်းနေသေးတာလဲ..? သူမက တကယ်ပဲ ရွှမ်ဖုန်းကိုသတ်လို့မရတာလား..?
“ယွီရီ.. နင်ဘာလို့မိစ္ဆာအချင်းချင်း သတ်ချင်နေရတာလဲ..?”
ယွီရှောင်ချီက စူးစူးဝါးဝါးအော်ဟစ်လာခဲ့ပြန်တယ်။
ရှီရှန်းက ယွီရှောင်ချီကို လျစ်လျူရှုလိုက်ပြီး ဝူချန်ကိုထပ်ပြောလိုက်တယ်။
“အခု..”
ဝူချန်လည်း ရှီရှန်းကိုကြည့်လိုက်ပြီး ရွှမ်ဖုန်းကို ထပ်ကြည့်လိုက်တယ်။ ထို့နောက် ဓားကိုဆင့်ခေါ်ပြီး ရွှမ်ဖုန်းရဲ့ရင်ဘတ်အတွင်းကို လူအများရဲ့အကြည့်အောက်မှာ ထိုးသွင်းပစ်လိုက်တော့တယ်။
သူ့ရဲ့အမူအယာက ခလုတ်တစ်ခုကို ဖြည်းဖြည်းချင်းလွှတ်လိုက်သလိုပဲ…
“မဟုတ်ဘူး….”
…………………………………………
Translated by Melinoe_Megami
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣