Arc 17.23

1.8K 301 2
                                    

Unicode


မြေခွေးမျိုးနွယ်စုရဲ့ညအမှောင်က အလွန်တိတ်ဆိတ်နေတော့တယ်။ အင်းစက်လေးတွေရဲ့အော်သံတောင်မှ မကြားလောက်အောင် ငြိမ်သက်နေတော့တယ်။ ရှီးရှန်က မြေခွေးမျိုးနွယ်စုရဲ့ အကြီးဆုံးသစ်ပင်ကြီးပေါ်တက်ကာ လဲလျောင်းလိုက်တယ်။

ကောင်းကင်ယံထက်မှာတော့ ကြယ်တွေနဲ့ပြည့်နှက်နေပြီး သူမရဲ့မျက်လုံးတွေမှာ ကောင်းကင်တစ်ခုလုံးရဲ့ပုံရိပ်က အလင်းပြန်နေခဲ့တယ်။ ဒါပေမဲ့ တောက်ပတဲ့ကြယ်ပွင့်လေးတွေရဲ့အလင်းရောင်က သူမမျက်ဝန်းကိုအသက်မဝင်စေခဲ့ဘူး။ သူမကြည့်ရတာ အသက်မဲ့နေတဲ့အရုပ်လှလှလေးလိုပဲ။

ရှီရှန်းက သူမရဲ့မျက်ဝန်းတွေကို အသာအယာပိတ်လိုက်တယ်။ နောက်တစ်ကြိမ်မျက်လုံးပြန်ဖွင့်တော့ ကောင်းကင်ယံထက်မှာ ကြယ်တွေပျောက်ကွယ်သွားခဲ့ချေပြီ။ ထိုအစား ဟင်းလင်းပြင်ကျယ်နဲ့အမှောင်ထုက နေရာယူထားခဲ့တယ်။

မရေအတွက်နိုင်တဲ့စာသားတွေနဲ့ ဂဏန်းအက္ခရာတွေကရွေ့လျားနေတဲ မျက်နှာပြင်တစ်ခုက သူမရဲ့အရှေ့မှာ တဖြည်းဖြည်းပေါ်ထွက်လာခဲ့တယ်။ စာသားတွေရဲ့အရှိန်ကမြန်ဆန်လွန်းတာကြောင့် သာမာန်မျက်လုံးဖြင့် ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။

အောက်ခြေမှာတော့ Progress Bar တစ်ခုရှိနေခဲ့တယ်။
78%...
အရမ်းနှေးတာပဲ..

ရှီရှန်းက အကြံအဖန်လုပ်ဖို့စဉ်းစားပြီးမှ အဲ့အတွေးကိုပြန်ဖျောက်လိုက်တယ်။

“ရှောင်ရီ.. မင်းအပေါ်မှာလား..?”
ဝူချန်ရဲ့အသံက ရုတ်တရက်ထွက်ပေါ်လာတယ်။

ရှီရှန်းက သစ်ရွက်တွေဖုံးလွှမ်းနေသောသစ်ကိုင်းတစ်ခုကို အောက်နှိမ့်ပေးလိုက်တယ်။ ဝူချန်လည်း အပေါ်တက်သွားလိုက်ပြီး..

“ရှောင်ရီ..” ဝူချန်က သူမကို ရှုပ်ထွေးနေတဲ့မျက်ဝန်းတွေဖြင့်ငေးကြည့်ရင်း..“ကိုယ် ဆရာ့ကိုသွားရှာတော့မလို့.. မင်း….”

“တာ့တာ..”
ရှီရှန်းက လက်ဝှေ့ရမ်းပြလိုက်တယ်။

ဝူချန်လည်း ခါးသက်သက်ပြုံးလိုက်တယ်။ သူ,မလာခင်ကတည်းက မျှော်လင့်ထားခဲ့ပြီးသား။ သူမက နှလုံးသားကင်းမဲ့တဲ့လူပဲ.. သူမဆီကနေ ခွဲခြားဆက်ဆံခံရဖို့ မျှော်လင့်ထားလို့မရဘူး။

“ဒါက သူမအကျင့်ပဲ။ အဲ့တာကြောင့်ပဲ ငါကြိုက်မိတာ..’

ဝူချန်က ခံစားချက်ကိုထိန်းသိမ်းလိုက်ပြီး မဝံ့မရဲမေးလိုက်တယ်။
“မင်းနဲ့ ကိုယ့်ဆရာ…” ‘ဘာတွေဖြစ်ခဲ့ကြတာလဲ..’

‘အဲ့နေ့တုန်းက သူမကအတည်ကြီးပြောခဲ့တာ။ ဆရာ,မရှိရင် အသက်မရှင်နိုင်ဘူးတဲ့။ ဒါပေမဲ့ အခုကျတော့ စိုးရိမ်ပူပန်မှုမရှိသလိုပဲ. သူမက ဆရာ့ကို သတ်တောင်သတ်ချင်နေသေးတယ်..’

ရှီရှန်းက ဝူချန်ရဲ့အံ့အားသင့်နေတဲ့အကြည့်ကိုမြင်တော့ စိတ်အေးလက်အေးပြန်ဖြေလိုက်တယ်။

‘သူက ငါရှာနေတဲ့လူမဟုတ်တော့ဘူး..’

သူမအတွက်တော့ ချင်းဟန်ကပြောင်းလဲသွားခဲ့ပြီ။ အရမ်းပြောင်းလဲသွားခဲ့ပြီ။ သူက ဒီကမ္ဘာရဲ့လူတစ်ယောက်လို သူမ,မမှိတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြီ။

အခုအချိန်ကိုမပြောနဲ့။ ဝူချန်တစ်ယောက် သူမကို ဘယ်တုန်းကမှနားမလည်ခဲ့ဘူး။

ဝူချန်ပါးစပ်ဖွင့်လိုက်ပေမယ့် ဘာစကားမှထွက်မလာခဲ့ဘူး။ တကယ်လို့သူမေးရင်တောင် သူမက ပြန်ဖြေမှာမဟုတ်ဘူးလေ။ သူမ,ပြန်ဖြေရင်လည်း သူ,နားလည်မှာမဟုတ်ဘူး…

မြေခွေးမျိုးနွယ်စုမှ ဝူချန်ထွက်သွားသည့်အချိန် မြေခွေးဘုရင်ကတော့ အပျော်ကြီးပျော်နေတော့တယ်။ ရှီရှန်းကို ပြန်ခေါ်လာခဲ့ပေးလို့သာပေါ့။ မဟုတ်ရင် မြေခွေးဘုရင်က ဝူချန်ကိုမောင်းထုတ်ပစ်ပြီးလောက်ပြီ။

မြေခွေးဘုရင်က သူ့သမီးလေးကို လူသားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်သွားမှာ အရမ်းစိုးရိမ်နေခဲ့တာလေ..

မြေခွေးဘုရင်လည်း ရှီရှန်းအတွင် Blind Date’တွေ စီစဉ်ပေးတော့တယ်။ သူက မြေခွေးမျိုးနွယ်စုထဲကနေ စရွေးလိုက်တယ်။ သင့်တော်တဲ့အရွယ်နဲ့ရုပ်မဆိုးသရွေ့ မြေခွေးဘုရင်ရဲ့သမက်လောင်းစာရင်းထဲ ရောက်သွားတော့တယ်။

ရှီရှန်းအတွက် နေ့စဉ်လုပ်ဆောင်မှုတွေကတော့…
Blind date..
Blind date..
Blind date..

ဘယ်လိုပဲဖြစ်ဖြစ်.. ရှီရှန်းကတော့ ဘာတွေ့သမျှလူတွေကို အကြမ်းဖက်တော့တာပဲ။
‘ငါ့ကို အနိုင်တိုက်နိုင်မှလက်ထပ်လို့ရမယ်..’

Blind Date ကို လာခဲ့တဲ့လူတိုင်းက အလာမှပျော်ရွှင်ကြသလောက် အပြင်မှာတော့ အတွင်းကြေဒဏ်ရာတွေနဲ့ ပြန်သွားကြရတယ်။ မြေခွေးဘုရင်ကြီးလည်း ပေါက်ကွဲပါလေရော။

‘ငါ့ရဲ့စွမ်းအားတစ်ဝက်ကို အဲ့မျိုးမစစ်လေးဆီကို မပေးခဲ့သင့်ဘူး…’

ရှီရှန်းကိုလက်ထပ်ပေးချင်နေတဲ့ မြေခွေးဘုရင်ကြီးရဲ့ဆန္ဒက မပြည့်ဝခဲ့ဘူး။ မြေခွေးဘုရင်ကြီးခမျာ အရမ်းစိတ်ပင်ပန်းနေရတော့တယ်။

‘မိစ္ဆာလောကကြီးက မကြာခင်စစ်ပွဲကြီးဖြစ်တော့မှာ… ဒါပေမဲ့ ငါ့သမီးလေးကိုကာကွယ်ပေးနိုင်ဖို့ ယောင်္ကျားတစ်ယောက်တောင် ငါမရှာပေးနိုင်သေးဘူး..’

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ မြေခွေးဘုရင်ကြီးလည်း အလုပ်ရှုပ်လာတော့တယ်။ ရွှမ်ဖုန်းရဲ့လှုပ်ရှားမှုတွေက အရမ်းမြန်ဆန်လွန်းပြီး မျိုးနွယ်စုကြီးတချို့ကို သိမ်းပိုက်ပြီးခဲ့ပြီ။ မြေခွေးမျိုးနွယ်စုကို မကြာခနရန်စလာတော့ မျိုးနွယ်ထဲမှာလည်း မငြိမ်မသက်ဖြစ်လာတော့တယ်။

တချို့က ရွှမ်ဖုန်းကို အသည်းအသန်ခုခံနေတဲ့အချိန်မှာ တချို့ကတော့ ရွှမ်ဖုန်းထံအညံ့ခံဖို့ မြေခွေးဘုရင်ကြီးကို တိုက်တွန်းလာကြတယ်။ ဒါပေါ့.. မြေခွေးဘုရင်ကြီးက ရွှမ်ဖုန်းဆီမှာအညံ့ခံဖို့ အစီအစဉ်လုံးဝမရှိဘူး။ သူ့သမီးကိုအနိုင်ကျင့်ခဲ့တဲ့မိစ္ဆာကောင်ကို ဘယ်တော့မှအလျော့မပေးဘူး။

ဒါနဲ့..
‘အခုချိန်ထိ ငါ့သမီးနဲ့ရွှမ်ဖုန်းကြားက အမုန်းတရားတွေအကြောင်းကို ငါ,မသိရသေးဘူး..’

သူ,စဉ်းစားကြည့်လေလေ  မသင့်တော်တဲ့ပြကွက်တချို့ကိုတွေးမိပြီး ယုံကြည်လာလေပဲ။ ဒီမျိုးမစစ်လေးက ငါ့ကိုလိမ်ထားပြန်ပြီလား..?

မြေခွေးဘုရင်လည်း ရှီရှန်းရှိရာသို့ ဒေါသတကြီးထွက်သွားတော့တယ်။
‘ဒီကောင်မလေး ငါ့ကိုလိမ်ညာရဲ့တယ်.. အပြစ်ပေးခံချင်နေတာပဲ..’

…………………

‘သခင်မလေး ဘယ်မှာလဲ..?”

ဒေါသတကြီးဟိန်းဟောက်လိုက်သံက တံခါးစောင့်မိစ္ဆာလေးကို ကြောက်လန့်သွားစေခဲ့တယ်။

‘သခင်မ… သခင်မလေး.. အိပ်ပျော်နေပါတယ်..”

“အိပ်ပျော်နေတယ်..? ဒီကောင်မလေး အိပ်ဖို့ပဲသိတယ်.. သွားနှိုးစမ်း..”

“ဟုတ်ကဲ့…”
မိစ္ဆာလေးလည်း အခန်းထဲကို အမြန်ပြေးဝင်သွားတော့တယ်။

‘သခင်မလေးက အပြင်လျှောက်သွားမနေပါဘူး… မြေခွေးဘုရင်ကြီးက ဘာလို့စိတ်ဆိုးနေတာပါလိမ့်..?’

ရှီရှန်းလည်း အိပ်ပျော်နေရာက,ထလိုက်ပြီး တံခါးဝနားကို စိတ်မပါလက်မပါသွားလိုက်တယ်။ ဒေါသအကြီးအကျယ်ထွက်နေတဲ့ မြေခွေးဘုရင်ကြီးကိုတွေ့တော့ ကြောင်အ,သွားရတယ်။

‘ငါအခုတလော လိမ်လိမ်မာမာနေခဲ့တာပါ.. မြေခွေးဘုရင်ကြီးက ဘာလို့စိတ်ဆိုးနေပြန်တာလဲ..?’

မြေခွေးဘုရင်က လက်ဝှေ့ရမ်းလိုက်ပြီး တခြားလူတွေကို ထွက်သွားခိုင်းလိုက်တယ်။ ပြီးမှ..

“မျိုးမစစ်လေး.. မင်းနဲ့ ရွှမ်ဖုန်းကြားမှာ ဘာရှိနေတာလဲ..?”

‘သူက ဘာလို့ ထပ်မေးပြန်တာလဲ..?’

“အရှင်…”

“ငါ့ကို လှည့်စားဖို့မကြိုးစားနဲ့.. အခုဘာတွေဖြစ်နေလဲဆိုတာ မင်းသိသင့်တယ်..  ရွှမ်ဖုန်းက မိစ္ဆာလောကကိုပေါင်းစည်းချင်နေပြီး မြေခွေးမျိုးနွယ်ကိုလည်း သူနဲ့အတူပါဝင်စေချင်နေတယ်..”

‘ဟမ်..? အဲ့ကိစ္စက ငါတို့ကြားကအမုန်းတရားနဲ့ ဘာများပက်သက်နေလို့လဲ..? မြေခွေးဘုရင်ကြီး .. ရှင့်စဉ်းစားပုံက အရမ်းထူးဆန်းတာပဲ..’

“ကျွန်မက သူ့ကိုမနှစ်သက်ရုံပါပဲ..”
ရှီရှန်းက ပြန်ဖြေလိုက်တယ်။

မြေခွေးဘုရင်က မုတ်ဆိတ်မွှေးကိုပွတ်သပ်လိုက်ပြီး သူမကိုအကဲခတ်လိုက်တယ်။
‘သူမ ဘာကိုဆိုလိုတာလဲ..?’

‘တကယ့်အရှုပ်ထုပ်ပဲ..’

“အရှင်..  မိစ္ဆာလောကကို ပေါင်းစည်းစေချင်လား..?”
ရှီရှန်းက မေးလိုက်တယ်..

“မိစ္ဆာလောကမှာ ခေါင်းဆောင်မရှိခဲ့တာကြာမြင့်ခဲ့ပြီ.. မျိုးနွယ်စုတိုင်းကလည်း ကိုယ်ပိုင်ဘဝတွေနဲ့ အဆင်ပြေနေပြီးသား..”

မြေခွေးဘုရင်က ခနရပ်တန့်လိုက်ပြီးမှ..
“တကယ်လို့ မိစ္ဆာဘုရင်ဖြစ်ချင်နေတဲ့လူရှိလာခဲ့ရင် အဲ့တာက မိစ္ဆာကောင်းတစ်ယောက်မဖြစ်နိုင်ဘူး..”

‘အင်း.. အကျင့်ကောင်းသားပဲ..’

“အရှင်.. လက်ရှိအခြေအနေအရဆို ရွှမ်ဖုန်းက မိစ္ဆာလောကကိုပေါင်းစည်းနိုင်တော့မှာလေ.. ကျွန်မတို့ ထပ်ပြီးမစောင့်သင့်တော့ဘူး…”

မြေခွေးဘုရင်ရဲ့မျက်နှာက ညှို့မှိုင်းသွားတယ်။
“အင်း… ငါနားလည်ပါတယ်.. ဒါပေမဲ့ ငါတို့ရဲ့စစ်တပ်အင်အားက အားနည်းလွန်းတယ်..”

ရွှမ်ဖုန်းက မျိုးနွယ်စုကြီးတော်တော်များများကို အချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့ပြီး အခုဆို မိစ္ဆာလောကရဲ့ အင်အားအကြီးဆုံးမျိုးနွယ်စု ဖြစ်နေခဲ့ပြီ…

“စိတ်မပူပါနဲ့.. ကျွန်မနည်းလမ်းရှာလိုက်ပါ့မယ်.. “
ရှီရှန်းက သူမရင်ဘတ်ကိုပုတ်လိုက်တယ်..

မြေခွေးဘုရင်က ရှီရှန်းကို မယုံသလိုလှည့်ကြည့်လိုက်ပြီး..
“မင်းဘာလုပ်ချင်တာလဲ..? ဒါက ဟာသမဟုတ်ဘူးနော်.. မင်း မျိုးနွယ်စုအထဲမှာပဲ လိမ်လိမ်မာမာနေသင့်တယ်..”

ရှီရှန်းလည်း မျက်နှာမဲ့သွားပြီး တိတ်တိတ်နေလိုက်ရတော့တယ်။ မြေခွေးဘုရင်က ဒေါသတကြီးနဲ့ ရှီရှန်းကို ဆုံးမ,တော့တာပဲ။ နောက်ဆုံးတော့ သူဒီကိုလာခဲ့တဲ့ရည်ရွယ်ချက်ကို မေ့လျော့သွားခဲ့ချေပြီ။

ရှီရှန်းက ရွှမ်ဖုန်းကိုသတ်ချင်နေတာ။ အဲ့တာကြောင့် မိစ္ဆာလောကကိုပေါင်းစည်းမယ့် ရွှမ်ဖုန်းရဲ့အစီအစဉ်ကို လုံးဝခွင့်မပြုနိုင်ဘူး။ ရှီရှန်းလည်း မြေခွေးမျိုးနွယ်ကနေ ခိုးထွက်လိုက်ပြီး ရွှမ်ဖုန်းလက်အောက်မရောက်သေးတဲ့ တခြားမျိုးနွယ်စုတွေဆီကို အလည်သွားတော့တယ်။

နောက်တစ်ရက်မှာတော့ တခြားမျိုးနွယ်စုတွေက မြေခွေးမျိုးနွယ်စုဆီကိုရောက်လာပြီး ပူးပေါင်းဖို့ဆွေးနွေးကြတော့တယ်။ ဒီရက်ပိုင်းအတွင်း မဟာမိတ်တော်တော်များများရလိုက်တာကြောင့် မြေခွေးမိစ္ဆာကြီးလည်း အလုပ်များနေတော့တယ်။ ရှီရှန်းကိုသတိထားမိလိုက်တော့ လဝက်ကျော်တောင်ကြာမြင့်ခဲ့ပြီ။

သူ့သမီး ဘယ်ရောက်သွားပြန်ပြီလည်းမသိဘူး…

ရှီရှန်းကိုအလုပ်အကျွေးပြုတဲ့မြေခွေးမိစ္ဆာလေးခမျာ လဝက်ခန့်ကြာအောင် အခန်းပိတ်ခံထားရရှာတယ်။ မြေခွေးဘုရင်ကြီးသာ သတိမရဘူးဆိုရင် ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး။ သူမလည်း ရှီရှန်းရဲ့လုပ်ရပ်ကို မြေခွေးဘုရင်ကြီးထံ ငိုကြွေးပြီးတိုင်တန်းတော့တယ်။

မြေခွေးဘုရင်ကြီးလည်း သူ့သမီးကိုအပြစ်ပေးရုံကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး။

‘ငါ့သမီးက စွမ်းအားအရမ်းကောင်းလွန်းနေတယ်။ တခြားလူတွေအားနည်းတာကိုပဲ အပြစ်တင်သင့်လား..?’

…………………………

Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now