Unicode
ရှီရှန်းလည်း သူတို့နှစ်ယောက်ကို တစ်နေရာစီမှာချုပ်နှောင်ထားလိုက်တယ်။ ဝူချန်ကလည်း စိတ်ပျက်နေတဲ့မျက်နှာကြီးနဲ့ ရှီရှန်းကိုကူညီပေးနေလေရဲ့။
‘ချင်းဟန်က ဘာကိုမှသတိမရသေးဘူး။ ယွီရှောင်ချီပြောသမျှကိုလည်း ဘာမှမတုန့်ပြန်ဘူး..’
“ရှောင်ရီ.. မင်း..”
ဝူချန်က ရှီရှန်းကို တုံ့ဆိုင်းစွာပြောလိုက်တယ်။
‘သူမက ဆရာ့ကိုသတ်မလို့ ကြံနေတာများလား..?’
“ဘာလဲ..?”
ရှီရှန်းလည်း ခေါင်းမော့ကြည့်ပြီး ပြန်မေးလိုက်တယ်။ လမင်းရဲ့အလင်းရောင်အောက်မှာ အလင်းပြန်နေတဲ့မျက်ဝန်းတွေကြောင့် သူမရဲ့အမူအယာက ပိုပြီးခြောက်ခြားစရာကောင်းနေတယ်။
“ဘာမှမဟုတ်တော့ဘူး..”
ဝူချန်လည်း သူပြောချင်တဲ့စကားတွေကို အသာပြန်မြိုချလိုက်ရတယ်။ သူမရဲ့မျက်ဝန်းတွေကိုကြည့်ရင်း ဘာမှဆက်မပြောရဲတော့ဘူးလေ…
အရမ်းဆန်းကြယ်လွန်းတယ်..
အတိတ်မေ့ပြီးဒဏ်ရာရခဲ့တာကြောင့် ချင်းဟန်လည်း ချီစွမ်းအားတွေပြန်ရဖို့နှောင့်နှေးနေခဲ့တယ်။ ယွီရှောင်ချီလည်းကူညီပေးခဲ့ပေမယ့် သူမရဲ့လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်လေ။ ထို့ကြောင့် ချင်းဟန်ရဲ့အခြေအနေက အတော်ကြာတဲ့အထိ တိုးတက်မလာခဲ့ဘူး။
ဝူချန်လည်း အရမ်းစိတ်ညစ်နေပေမယ့် ချင်းဟန်နဲ့အတူနေပေးပြီး သူ့ရဲ့မှတ်ဉာဏ်တွေပြန်ရလာအောင် ကြိုးစားနေလိုက်တယ်။
ရွာထဲမှာရှိတဲ့လူတိုင်းက လူငယ်လေးနှစ်ယောက်ရဲ့အိမ်ကို အန္တရာယ်ရှိတဲ့လူနှစ်ယောက်လာလည်တယ်ဆိုပြီး သိထားခဲ့ကြတယ်။ ဒါပေမဲ့ ထိုလူနှစ်ယောက်ရောက်လာပြီးကတည်းက လူငယ်လေးနှစ်ယောက်ကို မတွေ့ရတော့ဘူး။ ထိုအစား ခြံဝင်းထဲမှာ တစ်ခါတစ်ရံလမ်းလျှောက်နေတတ်တဲ့ သူစိမ်းမိန်းကလေးတစ်ဦးကိုသာ တွေ့ကြရတယ်။
စပ်စုတတ်တဲ့လူတစ်ချို့က အိမ်ထဲကိုချောင်းကြည့်တတ်ကြပေမယ့် ဘာကိုမှရှာမတွေ့ခဲ့ဘူး။
“ယွီရီ.. ငါတို့ကို ဘယ်အချိန်မှလွှတ်ပေးမှာလဲ?”
ယွီရှောင်ချီက အားနည်းနေသလိုဖြူဖျော့ဖျော့မျက်နှာဖြင့် မေးလိုက်တယ်။
“နင့်ကိစ္စမဟုတ်ဘူး…”
ရှီရှန်းက ခြေထောက်ချိတ်ထိုင်လိုက်ပြီး တခြားတစ်ဖက်ကချင်းဟန်ကို ငေးကြည့်နေခဲ့တယ်။ ယွီရှောင်ချီလည်း တစ်ကိုယ်လုံးတုန်ယင်လာခဲ့တဲ့အထိ ဒေါသထွက်သွားတော့တယ်။
‘ငါက အဖမ်းခံထားရတဲ့လူပါ.. ဟုတ်ပြီလား..? ငါတို့ကိုဘာမှမလုပ်ပဲ ဘာလို့ဖမ်းထားရသေးတာလဲ..? သတ်ရင်လည်း သတ်ပစ်လိုက်.. မသတ်ချင်ရင်လည်း ငါတို့ကိုလွှတ်ပေးလိုက်ပါတော့လား..’
ရှီရှန်းက ချင်းဟန်ကို ရက်အတော်ကြာအောင် အကဲခတ်နေခဲ့တယ်။ ဒါပေမဲ့ သူနဲ့ပက်သက်ပြီး ထူးထူးခြားခြားခံစားချက်မျိုး ထပ်မရတော့ဘူး။ ချင်းဟန်က ရှီရှန်းကို ခံစားချက်မရှိတဲ့မျက်နှာမျိုးနဲ့ ပြန်ကြည့်နေတတ်တယ်။ ဒီအပြုအမူအားလုံးက ဖုန်းစီနဲ့ အရမ်းခြားနားလွန်းတယ်။
သူမ ဒါကို အလွယ်တကူခွဲခြားသိနိုင်တယ်။
ရက်အတော်ကြာတဲ့အထိ ဝူချန်ကိုပြန်ဖြေတဲ့အသံနဲ့ တစ်ခါတစ်ရံ ယွီရှောင်ချီကိုနှစ်သိမ့်ပေးနေတဲ့အသံကိုသာ ရှီရှန်းကြားနေခဲ့ရတယ်။ ဝူချန်က သူ့ကိုစကားတွေအများကြီးပြောနေခဲ့ပေမယ့် ချင်းဟန်က ဘာကိုမှမသိချင်သလိုပဲ။
ရှီရှန်းလည်း ရုတ်တရက် ယွီရှောင်ချီရှိရာ ထသွားလိုက်တယ်။
“နင်ဘာလုပ်ဦးမလို့လဲ..?”
ယွီရှောင်ချီရဲ့ဖြူဖျော့ဖျော့မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့အရိပ်အယောင်တွေ ဖုံးလွှမ်းသွားခဲ့တယ်။
ယွီရှောင်ချီအနားကို ရှီရှန်းကပ်သွားတာနဲ့ ချင်းဟန်က စကားပြောလာခဲ့တယ်။
“မင်းဘာလိုချင်တာလဲ..?”
ရှီးရှန် ရပ်တန့်သွားခဲ့တယ်။
‘ငါဘာလိုချင်တာလဲ..?
ငါကိုယ်တိုင်တောင် ငါဘာလုပ်နေမှန်းမသိတော့ဘူး.. ဘယ်လောက်ထူးဆန်းလိုက်တဲ့ ခံစားချက်လဲ..’
တခနမျှတွေးတောလိုက်ပြီး ရှီရှန်းတစ်ယောက် အခန်းထဲကနေ ရုတ်တရက်ထွက်သွားတော့တယ်။ ယွီရှောင်ချီကတော့ အသတ်ခံရတော့မယ်ထင်ပြီး တောင့်ခဲနေလေရဲ့။
“ရှောင်ရီ.. မင်း သူတို့ကို ဘယ်အချိန်မှလွှတ်ပေးမှာလဲ..?”
ဝူချန်က အခန်းထဲကထွက်လာတဲ့ရှီရှန်းကို လှမ်းမေးလိုက်တယ်။
‘ရက်အတော်ကြာခဲ့ပြီ.. သူမက အခုထိ သူတို့ကိုချုပ်နှောင်ထားတုန်းပဲ.. သူမ ဘာလိုချင်တာပါလိမ့်..? ချင်းဟန်က အတိတ်မေ့နေတယ်ဆိုရင်တောင် ငါ့ဆရာပဲလေ...’
“ငါလိုချင်တဲ့အဖြေရတာနဲ့..”
ရှီရှန်းက ဝူချန်ကိုလှည့်မကြည့်ပဲ ဘေးအခန်းကိုဝင်သွားခဲ့တယ်။ ဝူချန်လည်း ရှီရှန်းကိုငေးကြည့်ရင်း ထိုနေရာမှာသာ မတ်တပ်ရပ်ကျန်ရစ်နေတော့တယ်။
‘သူမ,ရှာနေတဲ့အဖြေက ဘာလဲ..?’
……….
ညအချိန်…
တိတ်ဆိတ်ငြိမ်သက်နေတဲ့ရွာလေးက ရုတ်တရက်မီးလောင်ကျွမ်းမှုကြောင့် တစ်ရွာလုံး အလန့်အတကြားဖြစ်သွားခဲ့တယ်။ ကလေးတွေက ငိုကြွေးနေကြသလို လူကြီးတွေကလည်း အော်ဟစ်နေခဲ့ကြတယ်။
တောက်ပကြီးမားတဲ့မီးရောင်က ကောင်းကင်ကို ထိုးဖောက်တော့မတတ်ပဲ။
ရှီရှန်းနဲ့ယွီရှောင်ချီက မီးအလယ်မှာမတ်တပ်ရပ်နေခဲ့ပြီး သူတို့နှစ်ယောက်လုံးက ချင်းဟန်ရဲ့လက်မောင်းကို တစ်ဖက်စီဆွဲထားကြတယ်။
“ယွီရီ.. သွားကြရအောင်..”
ယွီရှောင်ချီ အံကြိတ်လိုက်တယ်။ မီးတောက်တွေက သူမရဲ့မျက်နှာကိုလာဟပ်တာကြောင့် မျက်လုံးဖွင့်ဖို့တောင် အနိုင်နိုင်ဖြစ်နေရပြီလေ။
“အတူတူ သေကြရအောင်..”
ရှီးရှန်က ထူးမခြားနားစွာ ပြန်ပြောလိုက်တယ်။
“နင်..”
ယွီရှောင်ချီက အသက်ပြင်းပြင်းရှူလိုက်ပြီး..
“ဆရာ့ကို သူ့ဘာသာရွေးခိုင်းလိုက်.. ဘယ်သူပဲဖြစ်ဖြစ် သူရွေးချယ်တာကိုလိုက်နာရမယ်.. တစ်ယောက်က ထွက်သွားရမယ်..”
ရှီးရှန်က မြင့်မားတဲ့ပုံရိပ်လေးကို တချက်ငဲ့ကြည့်လိုက်ပြီး ပူပြင်းနေတဲ့မီးတောက်တွေအကြားမှာ အေးစက်စက်ပြုံးလိုက်တယ်။ မီးတောက်တွေက သူမရဲ့မျက်လုံးထဲမှာရောင်ပြန်ဟပ်နေခဲ့ပေမယ့် အေးစက်မှုကိုတော့ မဖယ်ရှားနိုင်ခဲ့ဘူး။
“နင်က နင့်ကိုယ်နင်တောင်မကာကွယ်နိုင်တာ.. တခြားလူကို ကာကွယ်ချင်သေးတာလား..?”
‘ဒီယုံကြည်မှုတွေ ဘယ်ကရောက်လာတာလဲ..?’
ဓားက ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ယွီရှောင်ချီကိုခုတ်ပစ်လိုက်တဲ့အချိန် ချင်းဟန်ရဲ့အမူအယာက ပြောင်းလဲသွားခဲ့တယ်။ ရှီရှန်းလက်ထဲကရုန်းထွက်လိုက်ပြီး ယွီရှောင်ချီအရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။
“ဆရာ..”
ယွီရှောင်ချီက ကြောက်လန့်တကြားအော်ဟစ်လိုက်တယ်။ ရှီရှန်းကလည်း တွေဝေခြင်းတစ်စုံတစ်ရာမရှိပဲ ချင်းဟန်ရဲ့ ရင်ဘတ်ထဲကို ဓားဖြင့်ထိုးသွင်းလိုက်တော့တယ်။
ချင်းဟန်ကိုဓားနဲ့မထိုးမိခင် ရှီရှန်းက ဓားကိုပြန်ရုတ်သိမ်းလိုက်တယ်။ အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်တယ်။
“ကောင်းပြီ.. နှုတ်ဆက်တယ်..”
‘ဒီလူက ဖုန်းစီမဟုတ်ဘူး..’
ဒါပေမယ့် နောက်တစ်စက္ကန့်အတွင်းမှာပဲ သူတို့ကိုထပ်မံတိုက်ခိုက်လိုက်ပြန်တယ်။ ယွီရှောင်ချီလည်း ရှိသမျှစွမ်းအားအကုန်ထုတ်ပြီး သူတို့ဆီတိုးဝင်လာတဲ့ဓားကို ခုခံလိုက်ရတယ်။
မီးတောက်တွေက ပိုမိုကြီးမားလာခဲ့ပြီး နောက်ဆုံးတော့ သူတို့သုံးယောက်ကိုဝန်းရံလာခဲ့ချေပြီ။
“ဘုန်း…”
အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်ထိုးတက်သွားပြီး မီးတောက်တွေက ကြယ်ကြွေကျသလို အနီးပတ်လည်ကအိမ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ ရွာသားတွေလည်း ကြောက်လန့်တကြားအော်ဟစ်ပြီး ထွက်ပြေးကြရတော့တယ်။
ထိုအချိန်၌ ဝူချန်က အဝေးတစ်နေရာမှာရှိနေခဲ့တာကြောင့် မီးတောက်တွေကိုတွေ့ပြီး အမြန်ပြန်လာခဲ့လိုက်တယ်။ ရုတ်တရက် မီးလောင်နေတဲ့ပုံရိပ်လေးတစ်ခုက အိမ်ထဲကနေလွင့်စင်လာခဲ့တယ်။ ထိုပုံရိပ်လေးက ဝူချန်ရဲ့အကြည့်အောက်မှာ တအိအိပြိုလဲသွားခဲ့သလို သွေးစတွေကလည်း နေရာအနှံ့ကို လွင့်စင်သွားခဲ့တယ်။
ဟုတ်တယ်.. ရှီရှန်းတစ်ယောက် ပြိုလဲကျသွားခဲ့တာ..
“ရှောင်ရီ..”
ဝူချန်က လဲပြိုနေတဲ့ပုံရိပ်လေးကို အမြန်ပွေ့ချီထားလိုက်တယ်။
“ရှောင်ရီ.. မင်းအဆင်ပြေရဲ့လား.. ဆရာရော..?”
‘အိမ်က ငါသွားတုန်းကအကောင်းကြီးပါ.. မျက်စိတစ်မှိတ်အတွင်း ဘယ်လိုဖြစ်သွားရတာလဲ..?’
“ဖူး..”
ရှီရှန်းရဲ့ပါးစပ်ထဲမှ သွေးတွေလျှံကျလာခဲ့တယ်..
‘သေစမ်း.. အထဲမှာ ငါသေတော့မလို့ပဲ..
ဇာတ်လိုက်မရဲ့ အထူးစွမ်းအားက ပြင်းထန်လွန်းတယ်..
နေဦး… ငါအခုသေတော့မယ်..’
ရှီရှန်းက လက်ကိုဝှေ့ရမ်းလိုက်ပြီး Space ထဲမှ ပုလင်းငယ်အချို့ကိုထုတ်ယူလိုက်တယ်။ ဝူချန်က ထိုပုလင်းတွေကို ရှီရှန်းအရှေ့မှ ချပေးလိုက်ပြီး..
“ဘယ်တစ်ခုလဲ..?”
ရှီရှန်းရဲ့ မျက်လုံးတွေက အနီရောင်ကြွေပုလင်းလေးအပေါ်မှာ ရပ်တန့်သွားခဲ့တယ်။ ဝူချန်လည်း ရှီရှန်းကိုအမြန်ဆေးတိုက်လိုက်တယ်။ သူမရဲ့မျက်နှာက သွေးရောင်ပြန်လွှန်းလာတော့မှ သူ့ရဲ့စိုးရိမ်စိတ်တွေ လျော့ကျသွားတော့တယ်။ ဒါပေမဲ့ မီးလောင်နေတဲ့အိမ်လေးကို စိုးရိမ်တကြီးလှည့်ကြည့်လိုက်မိပြန်တယ်။
‘ဆရာက အထဲမှာပဲလား.. မဖြစ်နိုင်ဘူး..’
ဝူချန်းက ရှီးရှန်ကိုအနားချထားလိုက်ပြီး အိမ်ထဲကိုပြေးဝင်ရန်ပြင်လိုက်ပေမယ့် တစ်စုံတစ်ယောက်က သူ့ရဲ့အင်္ကျီအစကိုဆွဲထားတာကြောင့် လှည့်ကြည့်လိုက်တယ်။
ရှီရှန်းက ဝူချန်ရဲ့အင်္ကျီစကိုဆွဲထားလိုက်ပြီး အားဖျော့စွာပြောလိုက်တယ်။
“သူထွက်သွားပြီ..”
ယွီရှောင်ချီထုတ်သုံးခဲ့တဲ့စွမ်းအားတွေက ရှီးရှန်ကိုလွင့်ထွက်စေရုံမကဘူး။ သူမကိုယ်တိုင်လည်း ချင်းဟန်နဲ့အတူ အဝေးကိုလွင့်စင်သွားခဲ့တယ်။
‘ငါစိတ်တိုလို့သေတော့မယ်.. ဒီလောက်မြန်မြန်ဆန်ဆန်လှုပ်ရှားခဲ့တာတောင် ဇာတ်လိုက်မရဲ့စွမ်းအားတွေက တိုးတက်လာခဲ့တယ်.. ဒါကြီးက လုံးဝကိုသဘာဝမကျဘူး..’
ရွာထဲမှာရှိတဲ့ အိမ်တော်တော်များများမီးလောင်သွားတာကြောင့် ဝူချန်လည်းဆက်မနေရဲတော့ဘူး။ ရှီရှန်းကိုပွေ့ချီလိုက်ပြီး ရွာသားတွေရှာမတွေ့ခင် အမြန်ထွက်လာလိုက်တော့တယ်။
ရှီရှန်းကတော့ ဒီကမ္ဘာရဲ့လုပ်ဆောင်ချက်တွေကို တွေးတောနေခဲ့တယ်။
‘ငါလေး Battle Mode ကို အရမ်းလျော့တွက်ခဲ့မိတာပဲ.. ဇာတ်လိုက်မမှာ သာမာန်ထက်လွန်ကဲတဲ့စွမ်းရည်တွေ ရှိနေတယ်.. ဒါက Server Error ကြောင့် မဟုတ်ဘူးလား.. မေ့လိုက်တော့.. ဒီတစ်ခေါက်ကို အတွေ့အကြုံယူရမယ်..’
ပြီးတော့ နှစ်ခါတောင်ဝိဉာဉ်ကူးပြောင်းခဲ့ရသေးတယ်..
တခြားနည်းလမ်းမရှိတော့ဘူး… ဇာတ်လိုက်မကိုမသတ်နိုင်ရင် ငါ့နာမည်ကို သူရဲ့မျိုးရိုးပြောင်းပစ်လိုက်မယ်..
“Host.. မင်းရဲ့မျိုးရိုးက ဇာတ်လိုက်မရဲ့မျိုးရိုးနဲ့ အတူတူပဲလေ..”
“နင်ထွက်လာရဲသေးတယ်ပေါ့…”
“လိုင်းအောက်သွားပါပြီ…”
………………………
Translated by Melinoe_Megami
आप पढ़ रहे हैं
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
काल्पनिकCollaboration Work for Shisheng❣