Arc 17.22

1.9K 300 0
                                    

Unicode

မြေခွေးမျိုးနွယ်စု…

ရှီရှန်းပြန်ရောက်ခဲ့သည်မှာ သုံးရက်ခန့်ပင် ကြာမြင့်ခဲ့ချေပြီ။ မြေခွေးဘုရင်ကြီးလည်း သူမဆီရောက်လာပြီး ဆုံးမဩဝါဒတွေချွေပြန်တယ်။ ရှီရှန်းလည်း တိတ်တဆိတ်ပဲနားထောင်နေလိုက်တယ်။ မြေခွေးဘုရင်ကြီးရဲ့စကားဆုံးတော့မှ ရှီရှန်းမေးလိုက်တယ်။

“အရှင်.. ရွှမ်ဖုန်းဘယ်မှာလဲ သိလားဟင်..?”

မြေခွေးဘုရင်က မျက်ခုံးပင့်လိုက်ပြီး..
“မင်းက ရွှမ်ဖုန်းကို ဘယ်လိုလုပ်သိနေတာလဲ..?”

“ကျွန်မတို့ကြားမှ ရန်ငြိုးတွေရှိနေတယ်..”

မြေခွေးဘုရင်လည်း မျက်ခုံးပင့်လိုက်မိတယ်။ အတော်ကြာမှထအော်ပါလေရော။

“မိမစစ်လေး.. ရွှမ်ဖုန်းက ငါတို့မြေခွေးမျိုးနွယ်ကို ဘာလို့ပစ်မှတ်ထားနေသလဲ အံ့ဩနေတာ.. မင်းပြဿနာရှာခဲ့တာကိုး..”

‘ဘယ်လိုတောင် အော်ဟစ်လိုက်တာလဲ.. ကံကောင်းလို့ ကြုံဖူးပြီးသားဖြစ်နေလို့.. ပထမတစ်ခေါက်ပြန်ရောက်တုန်းကလို ကြိမ်လုံးနဲ့အရိုက်ခံရတာထက်စာရင်တော့ တော်ပါသေးတယ်.. စိတ်လျော့..’

မြေခွေးဘုရင်က ဒေါသတကြီး စားပွဲကိုရိုက်လိုက်ပြီး..
“ပြောစမ်း.. မင်းအဲ့မိစ္ဆာအပေါ် ဘာအမှားတွေကျူးလွန်ခဲ့တာလဲ..?”

“ အဲ..” ‘နေပါဦး… ငါက ရွှမ်ဖုန်းအပေါ် အမှားကျူးလွန်စရာလား..?’

မြေခွေးဘုရင်က စားပွဲကိုထပ်ရိုက်လိုက်ပြီး..
“ဘာလဲ..? ဘာလို့ တုံ့ဆိုင်းနေရတာလဲ..? ငါ့ကို လှည့်ဖျားဖို့ မကြိုးစားနဲ့..”

“သူ့ကို သတ်ချင်နေရုံပါပဲ..”

တိတ်ဆိတ်သွားတော့၏…
အသေကောင်လို တိတ်ဆိတ်သွားတော့၏…

အချိန်အနည်းငယ်ကြာမှ မြေခွေးဘုရင်က ရှီးရှန်ကိုရိုက်ရန် ကြိမ်လုံးလိုက်ရှာတော့တယ်။

“မျိုးမစစ်လေး.. အစွမ်းအစကျမရှိဘူး.. မင်းက သူ့ကိုအာခံရဲသေးတယ်..? မင်းအစွမ်းအစရှိမှ သူ့ကိုသတ်လို့ရမှာပေါ့.. စွမ်းအားမလေ့ကျင့်ပဲနဲ့ သေချင်နေတာလား ဟမ်..? ငါတကယ် ရူးတော့မယ်.. ဒီကိစ္စကို ဘာလို့ဖုံးကွယ်ထားတာလဲ..?”

‘ဖာ့ခ်.. ပါးပါးရေ.. ကျွန်မက မသတ်နိုင်တာမဟုတ်ဘူး.. အဲ့အကောင်က အမျိုးသားဇာတ်လိုက်ဖြစ်နေတာ ဟုတ်ပြီလား..?’

မူလမှတ်ဉာဏ်ထဲမှာလည်း မြေခွေးဘုရင်က အခုလိုပဲ။ အရမ်းစိတ်ဆိုးပြီး ဆူပူသောင်းကျန်းခဲ့တာ။ ဒါပေမဲ့ အဲ့တာက ပထမအကြိမ်တုန်းကဖြစ်လောက်မယ်။

မြေခွေးဘုရင်ကြီးက အားပါးတရပေါက်ကွဲပြီးတော့မှ ကြိမ်လုံးကိုအဝေးလွှင့်ပစ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးထိုင်ချလိုက်တယ်။

“မျိုးမစစ်လေး.. ငါတကယ်ရူးတော့မှာပဲ..”

ရှီရှန်းက ခပ်ဝေးဝေးမှာသွားရပ်လိုက်ပြီး..
“အရှင်.. ကျွန်မ သူ့ကိုမသတ်ရင် သူက ကျွန်မကိုသတ်မှာလေ.. ကျွန်မသေတာကို မြင်ချင်လို့လား..?”

“သူလုပ်ရဲသလား..?”
မြေခွေးဘုရင်က ဒေါသထွက်လာပြီး စားပွဲကိုထပ်ရိုက်လိုက်ပြန်တယ်။

‘ငါ့မှာ သမီးလေးတစ်ယောက်ပဲရှိတာ… အဲ့မိစ္ဆာကို အနိုင်ကျင့်ခွင့်ပေးစရာလား..?’

“အဲ့လိုဆိုမှတော့.. ကျွန်မတို့ဘက်က အရင်လှုပ်ရှားသင့်တယ်မလား..? အရှင်.. သူ့ကိုသတ်ကြရအောင်..”
ရှီရှန်းက မြေခွေးဘုရင်ကို တိုက်တွန်းလိုက်တယ်။

မြေခွေးဘုရင်လည်း စားပွဲပေါ်ကလက်ဖက်ရည်ပန်းကန်လုံးကိုယူပြီး ရှီရှန်းကို ကောက်ပေါက်ပါလေရော။

“အဲ့အကောင်ကို မင်းသတ်ချင်သလိုသတ်လို့ရတဲ့ မိစ္ဆာပေါက်စလေးများထင်နေသလား..?”

‘ရွှမ်ဖုန်းဆိုတာ ဘယ်အဆင့်မို့လို့လဲ..? ဒီမျိုးမစစ်လေးမွေးမလာခင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စွမ်းအားကြီးလာခဲ့တာ.. သူသာ အပြစ်မဲ့တဲ့လူတွေကို လျှောက်မသတ်ခဲ့ဖူးဆိုရင် လူသားတွေရဲ့ချိတ်ပိတ်ခြင်းကို ခံရမှာမဟုတ်ဘူး.. မိစ္ဆာလောကကိုလည်း တစ်စုတစ်စည်းတည်း တည်ထောင်နိုင်လိမ့်မယ်..’

ရှီရှန်းက မြေခွေးဘုရင်နဲ့လျှို့ဝှက်လက်နက် (လက်ဖက်ရည်ပန်းကန်လုံး) ကို ရှောင်တိမ်းလိုက်ပြီး..

“အဖေပဲ ပြောခဲ့တာမဟုတ်ဘူးလား.. သူကအခု မြေခွေးမျိုးနွယ်စုကိုပစ်မှတ်ထားနေပြီဆို..? မြေခွေးမျိုးနွယ်စုပျက်ဆီးအောင် သူ့ကိုလွှတ်ထားပေးမလို့လား..?”

“မျိုးမစစ်လေး.. အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောရဲသေးတယ်..? အပြစ်ပေးခံချင်နေတာလား..?”

ရှီရှန်းပါးစပ်ပိတ်သွားအောင် မြေခွေးဘုရင်က ဆူငေါက်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့မည်းမှောင်နေတဲမျက်နှာက အနည်းငယ်ပြေလျော့သွားပြီး သူ့ရဲ့မျက်လုံးတွေက တောက်ပလာခဲ့တယ်။

“ရွှမ်ဖုန်းလွှတ်သွားပြီးမှ ဝမ်ရှန်းဂိုဏ်းဖျက်ဆီးခံလိုက်ရသလို အခုရက်ပိုင်းအတွင်း ကိစ္စတော်တော်များများ ဖြစ်သွားခဲ့တယ်..”

မြေခွေးဘုရင်က ခနရပ်လိုက်ပြီးမှ..
“ရွှမ်းဖုန်းက မိစ္ဆာလောကကိုပြန်ရောက်လာပြီး သူ့ရဲ့အင်အားကို ချဲ့ထွင်ဖို့လုပ်နေတယ်။ ခန့်မှန်းထားသလောက်ဆို သိပ်မကြာခင် မိစ္ဆာလောကထဲမှာ စစ်ပွဲတွေအများကြီးဖြစ်လိမ့်မယ်။ ကလေး.. မင်း မျိုးနွယ်စုထဲမှာပဲနေတာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် မင်းရဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်..”

မြေခွေးဘုရင်ရဲ့အသံက အသံမြှင့်ပြီးပြောလိုက်တယ်။ ရှီရှန်းလည်း ကိုယ့်ခြေထောက်ကိုယ်ပြန်ကြည့်နေရင်း..

‘မေ့လိုက်တော့.. ကြီးသူကိုရိုသေ ငယ်သူကိုသနားတဲ့.. သူ့စကားကို နားထောင်လိုက်တာပဲကောင်းပါတယ်..’

“အရှင်.. ကျွန်မ,မေးချင်တာရှိသေးလို့ မေးလို့ရလား..?”
ရှီရှန်းက မြေခွေးဘုရင်ဆီကို အပြုံးလေးနဲ့သွားလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်တယ်..

မြေခွေးဘုရင်က သူမကိုစောင်းငဲ့ကြည့်လိုက်ပြီး..
“ဘာလဲ..?”

“ယွီရှောင်ချီကို သိတယ်မလား..?”

“ယွီရှောင်ချီ..?”
မြေခွေးဘုရင်က မျက်မှောင်ကြုတ်သွားတယ်..

သူက တခနမျှ တွေးတောလိုက်ပြီးမှ..
“မင်းပြောချင်ကာ ယွီဟွေ့မိသားစုက တစ်ယောက်လား..?”

ရှီရှန်းက မူလကိုယ်ရဲ့မှတ်ဉာဏ်တွေကို ပြန်တွေးကြည့်လိုက်ပြီး ညင်သာစွာခေါင်းငြိမ့်လိုက်တယ်..

“မင်းဘာလို့ သူမအကြောင်းမေးတာလဲ..?”

မြေခွေးဘုရင်ရဲ့မျက်ဝန်းထဲမှာ မကျေနပ်ချက်တွေဖြတ်သန်းသွားပြီး ဘုဆတ်ဆတ်ပြောလိုက်တယ်။

“အဲ့မြေခွေးမိစ္ဆာလေးက ငါတို့မျိုးနွယ်ကမဟုတ်ဘူး..”

‘..!!? ဇာတ်လိုက်မက ယွီမျိုးနွယ်က မဟုတ်ဘူးလား?’

မြေခွေးဘုရင်က ပထမတော့ ပြောဖို့တွန့်ဆုတ်နေခဲ့တယ်။ ဒါပေမဲ့ ရှီရှန်းက မနားတမ်းမေးနေတော့ ယွီရှောင်ချီအကြောင်းကို ပြောပြလာခဲ့တော့တယ်။

ယွီရှောင်ချီရဲ့မိခင်ဖြစ်သူက လူသားတစ်ယောက်ဖြစ်ပြီး သူ့ဖခင်ကတော့ ဟူမျိုးနွယ်မြေခွေးမိစ္ဆာ။ မြေခွေးမျိုးနွယ်တွေထဲမှာ ဒုတိယအင်အားအကြီးဆုံး မျိုးနွယ်စုကပေါ့။ လူသားတွေနဲ့မိစ္ဆာတွေကြားကချစ်ခြင်းဆိုတာကို ဘယ်သူမှလက်မခံကြဘူး။ သွေးနှောမိစ္ဆာတွေကို လူသားတွေရော၊ မိစ္ဆာတွေကပါ အသိအမှတ်မိပြုကြတော့ လူသားနဲ့မိစ္ဆာပေါင်းဖက်ပြီးရလာခဲ့တဲ့ကလေးတွေခမျာ ကံဆိုးသွားကြရတာပေါ့…

သွေးနှောမိစ္ဆာအများစုက ရန်လိုတတ်ပြီး နှစ်ဘက်စလုံးကို ဘေးဒုက္ခကပ်ဆိုးတွေ သယ်ဆောင်လာတတ်ကြတာကြောင့် လူသားတွေရော၊ မိစ္ဆာတွေကပါ မုန်းတီးကြတယ်။ ယွီရှောင်ချီရဲ့မိခင်ကလည်း ယွီရှောင်ချီကိုမွေးပြီးချင်း မိသားစုရဲ့ကွပ်မျက်ခံလိုက်ရတယ်။ ယွီရှောင်ချီရဲ့ဖခင်က သူမကိုခေါ်ဆောင်ကာ ထွက်ပြေးလာခဲ့ပြီးနောက် သူ့သူငယ်ချင်းဖြစ်တဲ့ ယွီဟွေ့ကို အကူအညီတောင်းခဲ့တယ်။

မြေခွေးဘုရင်က မျိုးနွယ်စုထဲကိုသွေးနှောမိစ္ဆာရောက်လာတာကြောင့် စိုးရိမ်နေခဲ့တာပေါ့။ ဒါပေမဲ့ ယွီဟွေ့ကလည်း မျိုးနွယ်စုထဲမှာအဆင့်အတန်းမြင့်မားတော့ မြေခွေးဘုရင်လည်း ယွီရှောင်ချီကို မျိုးနွယ်စုထဲမှာနေခွင့်ပေးလိုက်ရတော့တယ်။
ယွီရှောင်ချီက သွေးနှောမိစ္ဆာဖြစ်နေတော့ သန့်စင်တဲ့မြေခွေးမျိုးနွယ်တွေလို လူသားအသွင်မပြောင်းနိုင်ခဲ့ဘူး။ အဲ့တာကြောင့် မျိုးနွယ်စုထဲမှာ အမြဲလိုလိုအနိုင်ကျင့်ခံခဲ့ရတယ်။

ယွီရှောင်ချီရဲ့ဇာတ်ကြောင်းကိုနားထောင်ပြီးနောက် ရှီရှန်းလည်း ဒီဇာတ်လမ်းအကြောင်းကို ပြည့်ပြည့်ဝဝနားလည်သွားတော့တယ်။ သူမ,တွေးထားတဲ့အတိုင်းပဲ။

‘ဇာတ်လိုက်မက သွေးနှောမိစ္ဆာဆိုတော့ ဇာတ်လမ်းဇာတ်ကွက်က ပုံမှန်ပါပဲ.. သန့်စင်တဲ့မိစ္ဆာမျိုးနွယ်သာဖြစ်နေခဲ့ရင် ပုံမှန်မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်ကောင်ကို အရင်သတ်ပစ်ရမယ်။ ပြီးမှ ဇာတ်လိုက်မအလှည့်ပေါ့.. ဒီအတွဲကို ခွဲပစ်မယ်…’

[စာရေးဆရာမှာ ပြောစရာရှိပါတယ် : Host.. ဘာတွေ လုပ်မလို့လဲ..? မင်းက လူဆိုးပဲ.. Host.. ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့.. မင်းဇာတ်ကောင်ရဲ့တန်ဖိုးက ကျဆင်းနေပြီ.. ငါ့ရဲ့ Host က အဓိကဇာတ်ကောင်ကို ဘာလို့သတ်ချင်နေရတာလဲ..?]

…………………

မိစ္ဆာလောက.. မြွေမျိုးနွယ်စု..
ရွှမ်ဖုန်းက မြွေဘုရင်ရဲ့ပုလ္လင်ပေါ်မှာထိုင်နေပြီး တခြားလူနှစ်ယောက်က မတ်တပ်ရပ်နေကြတယ်။

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်..

အမျိုးသားရဲ့အသွင်အပြင်က ဖြူဖျော့အားနည်းနေပြီး ကျောင်းတော်သားအသွင်။ အမျိုးသမီးကတော့ မို့မောက်တဲ့ရင်နှစ်မွှာကို အားပါးတရကြွားဝါထားပြီး ခြေတံရှည်ရှည်၊ ခါးသွယ်သွယ်ဖြင့် စွဲမက်ဖွယ်ရာပင်။

အမျိုးသမီးက စကားစပြောလိုက်တယ်..
“အရှင်.. ကျွန်မကြားမိသလောက်တော့ ယွီရီဆိုတဲ့မြေခွေးမိစ္ဆာလေးက မြေခွေးမျိုးနွယ်စုကိုပြန်ရောက်နေပြီတဲ့..  သူမကို သွားဖမ်းပေးရမလား..?”

“မြေခွေးဘုရင်က သူ့သမီးလေးကိုအရမ်းချစ်တာ.. မင်းသူ့ကိုဖမ်းနိုင်တာ သေချာလို့လား..?”

ကျောင်းတော်သားက အထင်သေးသလိုပြောလိုက်တယ်။ သူ့ကြည့်ရတာ အမျိုးသမီးကို လုံးဝမနှစ်မြို့သည့်ဟန်ပင်။

အမျိုးသမီးက လှပစွာစောင်းငဲ့ကြည့်လိုက်ပြီး
“ရှင်က ကိုယ်စရိတ်နဲ့ကိုယ် ဘာလို့သူများကိုချီးမွမ်းနေရတာလဲ..?”

“ငါက အကျိုးအကြောင်းပြောပြရုံပဲ..”
ကျောင်းတော်သားက အမျိုးသမီးကိုကြည့်ပြီး ထေ့ငေါ့လိုက်တယ်..

“ဟိုမြေခွေးမက မိန်းမတစ်ယောက်ပဲလေ.. ဘာလဲ ယောက်ျားတွေအကြောင်း သွားဆွေးနွေးမလို့လား..?”

နှစ်ယောက်သား ရန်ဖြစ်လုဆဲဆဲအခြေအနေမှာပဲ လေထုအပူချိန်က ရုတ်တရက်အေးစက်သွားခဲ့တယ်။ အမျိုးသားနဲ့အမျိုးသမီးလည်း ကြောက်လွန်းလို့ တောင့်ခဲသွားရတယ်။ ခေါင်းငုံ့လိုက်ပြီး ထပ်မပြောရဲကြတော့ဘူး။

ရွှမ်ဖုန်းရဲ့အေးစက်စက်လေသံက သူတို့နားထဲကို ဝင်ရောက်လာခဲ့တယ်။

“အခု မင်းတို့လုပ်ရမှာက မိစ္ဆာလောကို တစ်စုတစ်စည်းထဲဖြစ်အောင်အမြန်စုစည်းဖို့ပဲ..”

နှစ်ယောက်စလုံး ထိတ်လန့်သွားကြတယ်။
“ဟုတ်ကဲ့ပါ..အရှင်..”

မိစ္ဆာလောကိုစုစည်းဖို့ဆိုတာ အရမ်းခက်ခဲလွန်းတယ်။
မိစ္ဆာလောကမှာ မိစ္ဆာဘုရင်မရှိခဲ့တာ အရမ်းကြာမြင့်ခဲ့ပြီ။ မျိုးနွယ်စုတွေက သီးသန့်ရပ်တည်နေကြပြီး သူတို့ကိုယ်ပိုင်ခေါင်းဆောင်တွေလည်း ရှိနေကြပြီလေ။ အကုန်လုံးက သူများမျိုးနွယ်စုရဲ့လွှမ်းမိုးမှုကို ခံချင်ကြတာမဟုတ်ဘူး။ တကယ်လို့ မိစ္ဆာဘုရင်ဖြစ်ချင်ရင် ရွှမ်ဖုန်းအနေနဲ့ တိုက်ပွဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရလိမ့်မယ်။

ကျောင်းတော်သားနဲ့အမျိုးသမီးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ချက်ချင်းအကြည့်လွှဲလိုက်ပြန်တယ်။

“ငါရှာခိုင်းထားတဲ့လူကို တွေ့ပြီလား..?”

နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြပြန်တယ်။ အတော်ကြာတော့မှ ကျောင်းတော်သားက ချီတုံချတုံအမူအယာဖြင့်..

“အရှင်.. ကျွန်တော်တို့မှာ လူအင်အားမလုံလောက်ဘူးလေ.. အဲ့တာကြောင့်…”
‘ကျွန်တော်တို့ ရှာမတွေ့သေးဘူး..’

ရွှမ်ဖုန်းက မျက်နှာသေဖြင့် နှစ်ယောက်စလုံးထွက်သွားရန် လက်ဟန်ပြလိုက်တယ်..

……………………………..


Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now