Arc 19.9

2K 301 1
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၉)

ယဲ့ဖုန်း ရှီရှန်းကို တွေ့လိုက်သော်လည်း သူမဆီသို့ မသွားခဲ့ပေ။ ထိုအစား သူသည် ရှောင်လင်းလုံနှင့်အတူ သန့်စင်ခန်းသို့သာ လျှောက်သွားခဲ့သည်။
ရှီရှန်းကတော့ ထောင့်တစ်ထောင့်တွင် တစ်ယောက်တည်း ထိုင်နေရင်း တစ်ခုခုလုပ်ဖို့ပင် ပျင်းရိနေလေသည်။

လေလံပွဲမစတင်ခင်မှာပဲ ယဲ့ဖုန်းသည် ရှောင်လင်းလုံနှင့်အတူ ပြန်ပေါ်လာခဲ့သည်။ ထူးခြားသည်မှာ ရှောင်လင်းလုံတစ်ယောက် သူမ၏အဝတ်အစားများကို လဲဝတ်လိုက်ခြင်းဖြစ်သည်။
ရှောင်လင်းလုံ၏အသားအရေမှာ မက်မွန်ရောင်သန်းနေကာ ရှက်ကြောက်နေပုံရပြီး ယဲ့ဖုန်းဘေးတွင် သူမသည် သူ၏ဇနီးလေးကဲ့သို့ ပြုမူနေလေသည်။
ကျွတ်စ် ကျွတ်စ်...
မိန်းမများနှင့်အတူ အိပ်သည့် ယဲ့ဖုန်း၏အမြန်နှုန်းမှာ တကယ် မဆိုးပေ။
အခုချိန်တွင် လျန့်ချင်းနှင့် ရှောင်လင်းလုံတို့သည် ယဲ့ဖုန်းနှင့် အတူအိပ်ပြီးသင့်နေပြီဖြစ်သည်။ စွဲလမ်းနေသည့် ဘေးအိမ်က မိန်းကလေးကတော့ သူနဲ့ မအိပ်ရလောက်သေးပေ။ သွေးအေးလူသတ်သမားမလေးကတော့ ယခုအချိန်ထိ ပေါ်မလာသေးဟန်တူသည်။
ယဲ့ဖုန်းသည် သူ၏အပျော်မယားလေးယောက်ထဲက တစ်ဝက်လောက်နှင့် အိပ်ပြီးသွားပြီဖြစ်၏။
  
မည်သို့ပင်ဆိုစေကာမူ လျန့်ချင်းသည်လည်း တစ်ခြားအဝတ်အစားကို လဲဝတ်၍ ဧည့်သည်စောင့်ခန်းဆီသို့ လမ်းလျှောက်လာနေသည်ကို ရှီရှန်းတွေ့လိုက်ရသည်။ သူမ၏မျက်နှာအမူအယာသည်လည်း ရှောင်လင်းလုံနှင့် ဆင်တူနေသည်။
ဒါကြီးက အရမ်းအဆင်ပြေမနေဘူးနော်။
ရှီရှန်း သူမနဖူးကို လက်ဖြင့်ထောက်၍ စာရေးသူကိုသာ လေးစားနေတော့သည်။
လေလံစတင်သည်နှင့် ယဲ့ဖုန်းသည် သူ၏လေလံဈေးများကို ရက်ရက်ရောရော မြှင့်တင်နေတော့သည်။
သူ လေလံဆွဲထားသည့် ပစ္စည်းများမှာ အမျိုးအစားအစုံဖြစ်ပြီး အားလုံးမှာ ရှုပ်ထွေးနေသည်။
ရှီရှန်းက သူငယ်အိမ်များကို ကျဉ်းမြောင်းမိသွားသည်။ အဲ့ဒါက သူ့မစ်ရှင်လား??
ယဲ့ဖုန်းသည် သူ့တာဝန်များအတွက် သူ သုံးစွဲသော ငွေပမာဏကို ပေးချေစရာမလိုပေ။ သို့သော်လည်း အများဆုံး ကန့်သတ်ချက်လည်း ရှိလေသည်။ ပစ္စည်း၏လေလံဈေးသည် အများဆုံး ကန့်သတ်ချက်ထက်ပိုများနေပါက ပိုသည့်ပမာဏကို ယဲ့ဖုန်းက စိုက်ထုတ်ရမည်ဖြစ်သည်။
 
ရှီရှန်း သူမ၏နံပါတ်ကို သုန်သုန်မှုန်မှုန်ဖြင့် မြှောက်လိုက်သည်။
 
“ နံပါတ် ၅၂ ”
ယဲ့ဖုန်းက ရှီရှန်း သူမနံပါတ်ကို မြှောက်လိုက်သည်ကို မြင်လျှင် ရှီရှန်းအား ဆန့်ကျင်ရန် သူ့လေလံစျေးကို ချက်ချင်း တိုးလိုက်တော့သည်။
“ နံပါတ် ၇ ”
“ နံပါတ် ၃၆ ”
“ နံပါတ် ၅၂ ”
“ နံပါတ် ၇ ”
လေလံပွဲသည် ရုတ်တရက် သူတို့နှစ်ဦး၏ ပြပွဲဖြစ်လာတော့သည်။
နောက်ကွယ်တွင်တော့ ဘာမှလုပ်စရာမရှိသော အရံလူများသည် စကားလက်ဆုံစကျတော့သည်။
“ ယဲ့ဖုန်းနဲ့ လျှိုရှန့်ကောတို့က တစ်ယောက်နဲ့တစ်ယောက် အတော်လေးရင်းနှီးတယ်ဆိုပြီး ငါ ကြားဖူးတာပါ။ အခု ဒီနှစ်ယောက် ဘာဆက်ဖြစ်ဦးမလဲ မသိဘူး ”
" ဒီမတိုင်ခင် ယဲ့ဖုန်းက လျှိုမိသားစုကော်ပိုရေးရှင်းရဲ့အစုရှယ်ယာတွေကို ၀ယ်ခဲ့တာ. . . ဒါပေမယ့် လျှိုမိသားစုကော်ပိုရေးရှင်းက ဒေဝါလီခံလိုက်ရတယ်လေ။ ယဲ့ဖုန်းက လျှိုရှန့်ကောကို မုန်းတီးနေတုန်းပဲလား မသိ... "
  
ယဲ့ဖုန်းသည် လျှိုမိသားစုကော်ပိုရေးရှင်းကို ၀ယ်ခဲ့ပြီး လျှိုမိသားစုကော်ပိုရေးရှင်းတွင် ပြဿနာတက်သွားသည့်ကိစ္စကြောင့် ယဲ့ဖုန်းတွင် ခြူးပြားတစ်ပြားမှမရှိတော့ဟု ထင်သွားစေသည်။
သို့သော် ထိုကိစ္စမှာ သူ့စိတ်ထဲတွင် လုံးဝ မရှိတော့ပေ။

" ဒီယဲ့ဖုန်းဆိုတဲ့တစ်ယောက်က ဘယ်ကလဲ?? " ယဲ့ဖုန်း၏အချက်အလက်များကို သူတို့ရှာဖွေကြသော်လည်း ထိုသူသည် တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်ဟူသည်မှလွဲ၍ သူတို့အခြားဘာမှရှာမတွေ့ခဲ့ပေ။
" သူက လက်ဖွာဖို့ ရောက်လာတဲ့ ဓနသြဇာကြီးတဲ့မိသားစုကလား "
" ယဲ့လား? ဒီမျိုးရိုးနာမည်က... "
" နံပါတ် (၇) တစ်ကြိမ်၊ နံပါတ် (၇) နှစ်ကြိမ်၊ နံပါတ်(၇) သုံးကြိမ်၊ အတည်ပြုပြီးပါပြီ ”  ဟူ၍ လေလံဆွဲပေးသူက ကြေငြာခဲ့သည်။
  
လူတိုင်း စကားပြောတာကို ရပ်လိုက်ကြပြီး နောက်ဆုံးလေလံဈေးကို ပြသထားသော မျက်နှာပြင်ကို မော့ကြည့်လိုက်ကြ၏။
ဒေါ်လာတစ်သန်းမျှသာ တန်ဖိုးရှိသော လက်ဝတ်ရတနာတစ်စုံသည် ထိုနှစ်ယောက်ကြောင့် ဒေါ်လာ ၅ သန်းအထိ ဈေးမြောက်သွားတော့သည်။
သာမန်အာဏာရှင်များကတော့ သူတို့လို နတ်ဘုရားအဆင့်လူများကို နားမလည်နိုင်ကြပေ။
လေလံပွဲနောက်ပိုင်းတွင် ယဲ့ဖုန်းသည် သူ့နံပါတ်ကို ထပ်မမြှောက်တော့တာကြောင့် ရှီရှန်းလည်း သူမ၏နံပါတ်ကို ရှုသိုးသိုးဖြင့် ရုတ်သိမ်းလိုက်တော့မည့်အချိန်တွင် ယဲ့ဖုန်းက ချက်ချင်းပဲ သူ့နံပါတ်ကို မြှောက်တော့သည်။
အဲ့ဒါနဲ့ပဲ ထိုနှစ်ယောက်၏လေလံပွဲ ထပ်ဖြစ်လာတော့သည်။
ရှီရှန်း၏အေးဆေးတည်ငြိမ်တဲ့ပုံစံက ယဲ့ဖုန်းကို အလွန်ကျိတ်ရေခဲမရဖြစ်စေသည်။ အခု သူမမှာ ဘာမှမရှိတော့တာတောင် ငါ့ကို ဘယ်လိုလုပ် ဆန့်ကျင်နေနိုင်သေးတာလဲ? ငါက သူမကို အမြဲတမ်းသဘောကျမယ်များ ထင်နေတာလား?
" အားလုံးပဲ. . . ကျွန်တော်တို့ ' ကံကောင်းမှု ' လို့အမည်ရတဲ့ ဒီနေ့ရဲ့နောက်ဆုံးလေလံပစ္စည်းကို ကြည့်လိုက်ကြရအောင်ဗျာ "
လေလံပွဲအခမ်းအနားမှူးက လေလံပစ္စည်းကို ကောင်တာပေါ်တွင် ပြသလိုက်သည်။ ထိုပစ္စည်းမှာ စိန်လက်ကောက်တစ်ခုဖြစ်သည်။
ပရိသတ်များ ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့သည်။ ဒီနေရာတွင် ရှိနေကြသည့် လူအများစုမှာ ဤ ' ကံကောင်းမှု ' ကြောင့် ဒီနေရာသို့ လာခဲ့ကြခြင်းဖြစ်သည်။
  
မူလကုန်ကြမ်းသည် နတ်သမီးနှလုံးသားနှင့် အတူတူပင်ဖြစ်၏။ ကားလ်ဂျွန်သည် နတ်သမီးနှလုံးသားအား ထွင်းထုပြီးနောက် ဒါကို ကျန်ရှိနေသေးသော ပစ္စည်းလက်ကျန်နှင့် ပြုလုပ်ထားခြင်းဖြစ်၏။
၎င်း၏ဈေးနှုန်းသည် နတ်သမီးနှလုံးသားနှင့် မယှဉ်ပြိုင်နိုင်သော်လည်း နတ်သမီးနှလုံးသားနှင့် တူညီသော ကုန်ကြမ်းပစ္စည်းမှ ပြုလုပ်ထားသည်ဆိုသည့်အချက်နှင့် ကားလ်ဂျွန်၏ဂုဏ်သတင်းကြောင့် ဒီလက်ကောက်သည် စုဆောင်းသူတိုင်း၏ပစ်မှတ်ဖြစ်နေသေးသည်။
ကားလ်ဂျွန်သည် ' ကံကောင်းမှု ' ဟု အမည်ပေးကာ သူ၏ဇနီးအား လက်ဆောင်အဖြစ်ပေးခဲ့ခြင်းဖြစ်သည်။
ဒီလက်ကောက်၏သွယ်ဝှက်ထားသည့် ရည်ရွယ်ချက်မှာ ကံကောင်းစေရန်ဖြစ်သည်။ ဒီလက်ကောက်က သူ့ဇနီးထံ ကံကောင်းမှုကို ယူဆောင်လာပေးမည်ဟု မျှော်လင့်ခဲ့သည်။ အမှန်တကယ်လည်း ကံကောင်းမှုကို ဆောင်ကျဥ်းပေးလေ၏။
ဒါသည် နတ်သမီးနှလုံးသားနှင့်တော့  လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။
မှန်ပေသည်။ ၎င်းတို့အားလုံးမှာ ကောလဟလ သက်သက်သာဖြစ်ကြသည်။
" ဒီ ' ကံကောင်းမှု ' က ရာစုနှစ်တစ်ခုစာလောက် ပျောက်နေခဲ့တာပါ။ မကြာသေးခင်ကပဲ ကျွန်တော်တို့ ဒီလက်ကောက်ကို လေလံတင်ရောင်းချဖို့ ' ကံကောင်းမှု ' ရဲ့ စုဆောင်းသူထံက တောင်းဆိုချက်ကို ရရှိခဲ့လို့ ဂုဏ်ယူမိပါတယ်။ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တစ်ချို့ကြောင့် ပိုင်ရှင်က ဒီပစ္စည်းကို လေလံတင်ချင်တာပါ။ ဒီလက်ကောက်က ပိုင်ရှင်ထံ ကံကောင်းမှု သယ်ဆောင်လာပေးမယ်ဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ဒီလက်ကောက်ကို အနိုင်ရတဲ့ ဘယ်သူ့ကများ ကံကောင်းသွားမလဲပေါ့နော် "
လေလံပစ်သူက ' ကံကောင်းမှု ' ၏သမိုင်းနှင့်တန်ဖိုးကို အသေးစိတ်ရှင်းပြနေခဲ့သည်။
" အဖွင့်လေလံဈေးက ဒေါ်လာသန်း ၈၀ ဖြစ်ပြီး တစ်ကြိမ်စျေးမြှင့်ဖို့ အနည်းဆုံးပမာဏက ဒေါ်လာ ၁ သန်းဖြစ်ရပါမယ်။ လေလံပွဲကို အခုပဲ စတင်ပါပြီ "
 
"ဒေါ်လာ ၈၂ သန်း "
"ဒေါ်လာ ၈၃ သန်း "
လေလံပစ်သူ၏စကားသံတိုးဝင်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က လေလံဆွဲနှင့်နေပြီဖြစ်သည်။
မည်သူမျှ ရှင်းရှင်းလင်းလင်း စျေးနှုန်းဖြင့် မပြောနိုင်သည့် နတ်သမီးနှလုံးသား၏တန်ဖိုးသည် ဘီလီယံပေါင်းများစွာအထိ ရှိနိုင်ပြီး ၎င်းတွင် 'ကျိန်စာ' ဟူသည် အမည်ပြောင်တောင် ရှိနေလေသည်။
ကျိန်စာ၏ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုရှိနေသည့် ဒီလက်ကောက်၏တန်ဖိုးလည်း ၎င်းနည်းတူ တန်ဖိုးမြင့်မည်ဖြစ်သည်။
ထိုအချိန်တွင် ' ကံကောင်းမှု ' ကို အဆုံးတွင် မဝယ်နိုင်သူများသာ လေလံဆွဲနေကြပြီး ဝယ်နိုင်စွမ်းရှိသူများကတော့ လေလံမဆွဲကြသေးပေ။
ရှီရှန်းသည် ယဲ့ဖုန်းအား မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။
ယဲ့ဖုန်းက ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း သူ၏မျက်နှာအမူအယာသည် ထိုလက်ကောက်ကို နောက်ဆုံးတွင် လေလံဆွဲရန် စိတ်လှုပ်ရှားနေကြောင်း ဖော်ပြနေခဲ့သည်ပင်။
ထို့အပြင် ရှောင်လင်းလုံသည်လည်း ထိုလက်ကောက်ကို လိုချင်နေပုံရသည်။ သူမသည် ကလူသလိုမြှူသလိုဖြင့် ယဲ့ဖုန်း၏လက်မောင်းကို ဆွဲနေတော့သည်။
 
ရှီရှန်းသည် သူမ၏မေးလေးကို လက်ဖြင့်ထောက်ကာ စဉ်းစားနေမိသည်။ ဒီလက်ကောက်ကို ငါလေး လုံးဝ စိတ်မ၀င်စားဘူး။ ဒါဆို...
ငါလေး လေလံဈေးမြှင့်လိုက်တော့မယ်!
 
ဇာတ်လိုက်ကောင်က ကျိကျိတက် ချမ်းသာတာဆိုတော့!
ဒီလောက်ငွေပမာဏကို ချို့တဲ့နေမှာတော့ မဟုတ်ဘူး။
ထို့ကြောင့် သူတို့ အထွတ်အထိပ်သို့ ရောက်နေချိန်တွင် ဦးဆုံးလေလံဆွဲသူများသည် လေလံဆွဲခြင်းကို ရပ်တန့်လိုက်ကြသည်။ ' ကံကောင်းမှု ' ကို ရနိုင်စွမ်းရှိသူများသာ လေလံစဆွဲနေကြသည့် အချိန်ဖြစ်သည်။
ရှီရှန်း လေလံဆွဲသည့်အချိန်တိုင်း သူမသည် စျေးနှုန်းကို ဒေါ်လာ ၁၀ သန်းအထိ တိုးမြှင့်ခဲ့တာကြောင့် လူအချို့အား မကျေမနပ်ဖြစ်စေလေသည်။
စီအီးအိုလျှိုက စီးပွားပျက်သွားပြီလေ။ သူမက ဒီမှာဘာလာပြောင်နေတာလဲ။
“ စီအီးအိုလျှို. . . မင်း အဲ့ဒါကို ဝယ်ဖို့ ပိုက်ဆံတတ်နိုင်ရဲ့လား? ” တစ်ယောက်ယောက်က မနေနိုင်တော့ဘဲ လေသံတစ်မျိုးကြီးဖြင့် ဝင်မေးတော့သည်။
" အဲ့ဒါက အရေးမကြီးဘူးလေ... ဘာလို့လဲဆိုတော့ ကျွန်မက ပိုက်ဆံပေးရမယ့်သူမှမဟုတ်တာ " ဟု ရှီရှန်းက ၎င်းမှာ ဖြစ်သင့်သလို ပြန်ဖြေလိုက်သည်။
" လျှိုရှန့်ကော၊ မင်း တမင်သက်သက် စျေးမြှင့်နေတာပဲ "
" အမှန်ပဲလေ. . . ဘာလဲ? အဲ့ဒါက တရားမဝင်လို့လား "  ရှီရှန်းက မချိတင်ကဲ ပြုံးပြလေသည် “ ဒီလောက်လေးတောင် မတတ်နိုင်ရင် ကိုယ့်ကိုကိုယ် ချမ်းသာတဲ့လူတစ်ယောက်လို့ ခေါ်ဖို့ မျက်နှာရော ရှိသေးရဲ့လား ”
လူတိုင်း: " ... " မင်း အခုလိုအရမ်းရိုးသားမပြလို့ မရဘူးလား?
လေလံဆွဲသူများက ဈေးနှုန်းကို ရည်ရွယ်ချက်ရှိရှိ မမြှင့်တင်ရဆိုသည့် စည်းကမ်းမျိုးကို လေလံပွဲက မသတ်မှတ်ထားသည်မှာ အမှန်ပဲဖြစ်လေသည်။ နောက်ဆုံးမှာတော့ လေလံစျေးမြှင့်လေလေ လေလံအိမ်က ကော်မရှင်ခပိုရလေလေဖြစ်တာကြောင့် ဘယ်သူကများ ပိုက်ဆံပိုမလိုချင်ဘဲနေပါ့မလဲ။
ရှီရှင်းသည် ထိုလူများကို အေးဆေးတည်ငြိမ်ပြီး စိတ်အနှောက်အယှက်ကင်းစွာ ကြည့်လိုက်သည်။ “ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခုပဲရှိတယ်. . . ရှင်တို့တွေ ဆက်ပြီးလေလံဆွဲတာဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်မကို အပြင်ကို မောင်းထုတ်တာဖြစ်ဖြစ်ပေါ့ ”
သူမက စကားပြောတာကို ခဏရပ်လိုက်ပြီး ကြင်ကြင်နာနာ အကြံဥာဏ်ပေးလိုက်သည်။ " ဟုတ်သားပဲ… ရှင်တို့ ကျွန်မကို မောင်းထုတ်ဖို့ မဖြစ်နိုင်တာကြောင့် ကျွန်မကတော့ ရှင်တို့ကို ပထမတစ်ခုကိုပဲ လုပ်ဖို့ အကြံပေးတယ် "
 
လူတိုင်း: " ... " ဒီစီးပွားပျက်သွားတဲ့ စီအီးအိုက မဟားတရားကို မာနထောင်လွှားနေတာပဲ. . . တစ်ယောက်လောက် ဒီဒေဝါလီခံလိုက်ရတဲ့ စီအီးအိုကို အပြင်ကို ဆွဲထုတ်သွားပေးဖို့ လိုနေပြီ!!
သူမ ခုနက နောက်ဆုံးပြောခဲ့သော ' ကျွန်မသာ သေရတော့မယ်ဆိုရင် ရှင်တို့ကရော ဘာလို့အတူတူလိုက်မသေပေးကြတာလဲ ' ဆိုသည့် စာကြောင်းနှင့်ပင် ထူးထူးဆန်းဆန်း ဆင်တူနေသည်ဟု သူတို့ထင်လာကြတော့သည်။
ယခင်အဖြစ်အပျက်များက ဤလူများအား ဗြောင်းဆန်စေသည်။ ဤဒေဝါလီခံလိုက်ရသည့် စီအီးအိုသည် လူ့အဖွဲ့အစည်းကြီးကို လက်စားချေရန် ကြိုးစားနေပုံရသည်။
ထို့ကြောင့် သူတို့လည်း လေလံဆက်ဆွဲရန် ဆုံးဖြတ်ကြခဲ့သည်...
ဈေးသည် ဒေါ်လာသန်း ၄၆၀ လောက်အထိ မြင့်တက်သွားတော့သည်။
  
ယဲ့ဖုန်းသည် လေလံဆွဲခြင်းကို လုံးဝ မရပ်တန့်ပေ။ ယဲ့ဖုန်း လေလံဆွဲလိုက်သည့်အခါတိုင်း ရှီရှန်းသည် စျေးနှုန်းကို လိုက်မြှင့်လိမ့်မည်ဖြစ်သည်။ သူမက ထိုသူ့ကို ဆန့်ကျင်နေမှန်း သိသာထင်ရှားနေသည်။
တစ်ချို့လူများက ယဲ့ဖုန်းကို ဒေါသဖြင့် စိန်းစိန်းဝါးဝါးကြည့်နေကြပြီဖြစ်သည်။
ယဲ့ဖုန်းဆိုသူရဲ့သစ္စာမဲ့မှုကြောင့် အခုသူတို့ပါ သူနဲ့အတူ ကံခေမှုကြီးကို သည်းခံနေကြရပြီဖြစ်သည်။
စျေးမြင့်လာသည်နှင့်အမျှ ထိုလူများသည် စျေးနှုန်းကတ်ပြားကိုသာ ကြည့်နေနိုင်ပြီး သူတို့၏ချို့ယွင်းမှုကိုသာ ညည်းညူနိုင်တော့သည်။ သူတို့သည် သူတို့ကိုယ်တိုင်သူတို့ ကျိကျိတက် ချမ်းသာနေသည်ဟု အမြဲတမ်း ထင်မြင်ခဲ့ကြသည်။ ထိုခဏလေးအတွင်းမှာပဲ သူတို့က အလွန်ဆင်းရဲမှန်း နားလည်သွားကြတော့သည်။
" ဒေါ်လာ ၆၅၆ သန်း "
ဤသည်မှာ ' ကံကောင်းမှု ' သွားနိုင်သည့် အမြင့်ဆုံးစျေးဖြစ်ပြီး ' ကံကောင်းမှု ' သည် ဒီထက်ပို၍ စျေးမြင့်သွားပါက တန်တော့မည် မဟုတ်ပေ။
လေလံဆွဲသူများလည်း တစ်ဦးပြီး တစ်ဦး လက်လျှော့သွားကြသည်။
 
သုံးဦးသာ ကျန်ရစ်ခဲ့တော့သည်။
ယဲ့ဖုန်း၊ ရှီရှန်းနှင့် ပွဲတက်ဝတ်စုံအပြည့်ကို ဝတ်ထားသော အမျိုးသားတစ်ဦး။
ပွဲတက်ဝတ်စုံဝတ်ထားသည့် အမျိုးသားသည် နေရာတွင် မတ်မတ်ထိုင်နေပြီး သူသည် စကားလုံးတစ်လုံးမှမပြောဘဲ သူ့နံပါတ်ကိုသာ တိတ်ဆိတ်စွာသာ မြှောက်နေလေသည်။

Translated by MidnightHunterTeam

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now