Ch 61
ဒီ၁၀ရက်က မနှေးမမြန်နဲ့ ကုန်ဆုံးသွားတယ်။ဒီနေ့ကတကယ်တော့ ယန်ကျင်းက လူတွေအတွက် ကိစ္စကြီးတစ်ခုပဲ။ပထမဆုံးအချက် ဒီနေ့မှာ ငယ်ရွယ်ချောမောတဲ့ သခင်လေးတွေက သူတို့ရဲ့ ဂုဏ်ယူစရာ ထူးချွန်တဲ့ စွမ်းရည်တွေကို ကြိုးစားပြသနိုင်မယ့် အင်ပါယာကျောင်းတော်ရဲ့ အရည်အချင်းစစ်စာမေးပွဲရှိတယ်။ ဒုတိယအချက်က ပန်းလေးတွေလို လှလည်းလှ ဂုဏ်သတင်းလည်းမွှေးတဲ့ ဂုဏ်သရေရှိသခင်မလေးတွေရဲ့ ထူးခြားပြောင်မြောက်လှတဲ့ ကိုယ်စွမ်းကိုယ်စကို တွေ့မြင်နိုင်မယ့် မင်ယီကျောင်းတော်ရဲ့ စာမေးပွဲလည်း ရှိတာကြောင့်ပဲ ဖြစ်တယ်။
ဒီလိုစာမေးပွဲတွေက နှစ်စဉ်နှစ်တိုင်း ကျင်းပကြတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ အကြီးအကဲချုပ်ရဲ့ တရားဝင်သမီး ကျန်းသခင်မလေး ၂နဲ့ ချန်ရွှမ်းသံတမန်ရဲ့ တရားဝင်သမီး မုန့်သခင်မလေးတို့ရဲ့ အလောင်းအစားကြောင့် ပိုပြီး ရွှင်မြူးစရာကြီး ဖြစ်နေတော့တယ်။ မြို့တော်မှာ ဒီလိုကိစ္စကြီးမျိုး တစ်ခါမှ မရှိဖူးတာကြောင့် ဘယ်သူရှုံးပြီး ဒူးထောက်ရမလဲဆိုတာ အရာရှိတွေသာမက ကလေးအစ ခွေးအဆုံး လူတိုင်းက ရလဒ်ကိုသိရဖို့ မစောင့်နိုင်ဖြစ်နေကြတယ်။
လူအုပ်ကြီးရဲ့ အများစုက မုန့်ဟုန်ကျင်းကိုပဲ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြတယ်။ အကြောင်းအရင်းကဘာမှတော့ မဟုတ်ပေမယ့် ဦးနှောက်ရှိတဲ့ဘယ်သူမဆို ကျန်းလီကို ရွေးမှာမဟုတ်ဘူး။ ပြီးတော့ မုန့်သခင်မလေးရဲ့ စွမ်းရည်ကလည်း မင်ယီကျောင်းတော်မှာ ထူးခြားတယ်လို့ ပြောလို့ရတယ်။ အဲ့ဒါထက် ကျန်းသခင်မလေးရဲ့ စကားတွေက နားဝင်ဆိုးပြီး သင်ကြားမှုမရတဲ့ ကလေးတစ်ယောက်လိုပဲ။ သူ လူတွေနဲ့ ဘယ်လိုတောင် ငြင်းခုံခဲ့လဲတော့ မသိဘူး။
ဒါပေမယ့် ရေစီးကို ဆန်တက်ပြီး ဆန်းဆန်းပြားပြား ကျန်းလီဘက်ကို လောင်းကြတဲ့လူတွေလည်း ရှိသေးတယ်။ လူတွေက အကြောင်းအရင်းကိုမေးတော့ ထိုသူက သူ့မေးစေ့ကိုပွတ်ပြီး လူယုတ်မာအပြုံးကြီးနဲ့ပြောတယ်။ "ကျန်းသခင်မလေး ၂သာ ထိပ်ဆုံးအဆင့်ရသွားရင် မုန့်သခင်မလေးက အပေါ်ဝတ်ကိုချွတ်ပြီး အင်ပါယာကျောင်းအပေါက်ဝမှာ ဒူးထောက်ရမှာ မလား သူမက မြင့်မြတ်တဲ့သခင်မလေးဆိုတော့ သူ သူ့ရဲ့အပေါ်ဝတ်ရုံကို ချွတ်တာက မျက်စိအစာကျွေးလို့ ရတယ်လေ အဲ့တော့ ကျန်းသခင်မလေး နိုင်ဖို့လောင်းတာက ပိုအကျိုးရှိတော့ လုပ်သင့်လုပ်ထိုက်တယ်လေ ငါကတော့ ကျန်းသခင်မလေးဘက်ကို ရွေးတယ်!"

أنت تقرأ
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
أدب تاريخيဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...