Part-8

9.9K 1K 13
                                    

Unicode Version

ခန္ဓာကိုယ်ဟာပါးလွှာသောလေထုပေါ်တွင်ရှိနေသလိုခံစားချက်၊ တလူလူလွင့်နေသောပုဝါစလေးလိုပေါ့ပါးလွန်းနေသောခံစားချက်နှင့်အတူ ရင်ကိုလှိုက်ဖိုစေသောနွေးထွေးမှုတစ်မျိုးဟာ မှိုင်း၏ကိုယ်ရောစိတ်ကိုပါ လွှမ်းခြုံထားသည်။

မြန်ဆန်လွန်းသောအဖြစ်အပျက်များအကြားတွင် မှိုင်း၏ခန္ဓာကိုယ်ဟာလုပ်ကိုင်နိုင်စွမ်းနှေးကွေးနေသောကြောင့် သတိလည်လာပြီးမိနစ်ပိုင်းမျှကြာသည်အထိ မျက်လုံးမဖွင့်နိုင်သေးပါ။ လှုပ်ရှားမှုတစ်စုံတစ်ရာမှမလုပ်နိုင်သေးသော်ငြား သူ၏အကြားအာရုံနှင့်အထိအတွေ့ခံစားနိုင်စွမ်းအရ သူ၏ဘေးပတ်ပတ်လည်တွင်လူအမြောက်အမြားဝိုင်းရံထားပြီး သူသည်လည်းတစ်စုံတစ်ယောက်၏ထွေးပွေ့ပေးထားခြင်းခံရသည်ကို ခံစားသိရှိနေသည်။

သူ၏အင်အားများဟာမတိုင်မီကအကုန်ထုတ်သုံးလိုက်ရသလိုပင်။ ယခုလက်ရှိတွင်တော့လက်တစ်ချောင်းပင်မလှုပ်ချင်တော့။

လက်ကျန်အင်အားအနည်းငယ်ကိုစု၍ လေးလံလွန်းလှသောမျက်ခွံကိုတွန်းလှန်နိုင်ခဲ့သောအခါတွင် သူ၏ဘေးရှိလူများဟာ သတိပြန်လည်လာသောသူ့ကို အပြုံးနှင့်နှုတ်ဆက်နေကြသည်။ တချို့ကလည်းလိုအပ်သည့်ဆေးများကိုယူရန် ပျာပန်းခတ်အောင်ပြေးလွှားနေရသည်။

နွန်းကတော့မှိုင်းကိုကြည့်၍ အဆင်ပြေမပြေစိုးရိမ်တကြီးမေးမြန်းနေဆဲပင်။ ထိုအခါမှသာမှိုင်းဟာသူ့ကိုပွေ့ဖက်ထားသူကနွန်းဖြစ်နေမှန်းသိရသည်။ ထို့ကြောင့်အထိတ်တလန့်နှင့်ရုန်းကန်ချင်သော်လည်း အားမရှိသောခန္ဓာကိုယ်ဟာ ဆတ်ခနဲတစ်ချက်တွန့်သွားရုံမှလွဲ၍ တတ်နိုင်တာမရှိပေ။ အားမတန်၍မာန်လျှော့ချလိုက်ရသောမှိုင်း၏ရုပ်ဟာ တကယ်ရယ်ချင်စရာကောင်းသော်လည်း သူ၏ဘေးနားရှိလူများကတော့နွန်း၏ဒေါသကြောင့်မရယ်ရဲပေ။

နွန်းကခရီးမှပြန်ရောက်သည်နှင့်မှိုင်းကိုတောင်းပန်မည်ဟူသောအတွေးနှင့် ရဲတိုက်ဆီသို့တက်ကြွစွာချီတက်လာသော်လည်း မုခ်ဝသို့ရောက်ရောက်ချင်းကြားလိုက်ရသောသတင်းကြောင့် ဒေါသကငယ်ထိပ်အထိဆောင့်တက်သွားရသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now