Unicode Version
တာအီပြည်နယ်ရှိ ရဲတိုက်ကြီးသည် အဖြူရောင်ရဲတိုက်လောက် မခမ်းနားသော်လည်း ပြည်နယ်ရဲတိုက်တစ်ခုဟုပင် မထင်ရလောက်အောင် လှပပေသည်။ ပတ်ပတ်လည်တွင် လုံခြုံရေးအပြည့်ချထားပြီး မုခ်ဝတွင်လည်း စစ်ဆေးရေးဂိတ်ရှိပေသည်။
သို့သော် ယနေ့တွင်မူ ထိုစစ်ဆေးရေးဂိတ်သည် ပုံမှန်ထက်ပို၍ လူအင်အားများပြားနေလေ၏။ လျှောက်လမ်းတစ်လျှောက်တွင်လည်း တော်ဝင်ဆန်ဆန် သန့်ရှင်းသပ်ရပ်စွာ အလှဆင်ထားပြီး ကြိုဆိုခြင်းအခမ်းအနားသည်လည်း ထည်ထည်ဝါဝါပြင်ဆင်ထားပေသည်။ အကြောင်းမှာ မြို့တော်မှ အရှင်သခင်သည် ရဲတိုက်ထဲသို့ ယနေ့ပင်လျှင် ကြွရောက်လာမည်ဖြစ်ကြောင်း အမိန့်စာရထား၍ပင်။
ထိုကိစ္စနှင့်ပတ်သက်၍ ကောလဟာလတချို့ပျံ့နှံ့နေသော်ငြား မနေ့တစ်နေ့ကအထိ တာအီပြည်နယ်၏မည်သည့်နေရာကမှ အရှင်သခင်ရောက်လာပြီဟူသော သတင်းမျိုးကို မရရှိခဲ့ချေ။ ထို့ကြောင့် တစ်မနက်အတွင်းမှာပင် အရှင်သခင်သည် တာအီပြည်နယ်သို့ရောက်ရှိနေပြီဖြစ်ပြီး မကြာမီအချိန်ပိုင်းအတွင်းမှာတင် ရဲတိုက်ဆီသို့ တိတ်တဆိတ်ကြွချီလာမည်ဖြစ်ကြောင်း အမိန့်စာပို့လာသောအခါတွင် ရဲတိုက်ထဲရှိလူများအားလုံး အထိတ်တလန့်ဖြစ်သွားရပေသည်။
သို့သော်လည်း ခဏလေးအတွင်းမှာပင် ကြိုဆိုရေးအခမ်းအနားကို သေသပ်စွာ ပြင်ဆင်နိုင်ခဲ့ပြီး လုံခြုံရေးအစီအမံများကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့သည်။
နွန်းနှင့် သူ၏လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် တာအီမြို့စားမင်းနှင့် ငယ်သားအားလုံးတို့သည် မုခ်ဝ၌စီတန်း၍ တခမ်းတနားကြိုဆိုကြပေသည်။ တာအီမြို့စားကမူ အရှင်နွန်း၏ ရုတ်ချည်းကြွချီလာခြင်းကို တစ်စုံတစ်ရာသံသယဖြစ်နေရသည်။
"တာအီပြည်နယ်က ကြိုဆိုပါတယ် အရှင်...။ လျှပ်တပြက်ဆန်သွားတာမို့ ကြိုဆိုပွဲကို ကောင်းကောင်းမွန်မွန်မပြင်နိုင်လိုက်တာကို ခွင့်လွှတ်ပေးပါ အရှင်.."
တာအီမြို့စား၏ ခပ်ကားကားမေးရိုးနှင့် မပိန်မပါးခန္ဓာကိုယ်သည် ရွှေရောင်ဝတ်ရုံရှည်ပွယောင်းယောင်းကြောင့် ထိုသူအား ပို၍ဝဖြိုးနေဟန်ပေါက်စေသည်။ ထိုသူက ခါးကိုညွတ်ကိုင်းရင်း နွန်းအား အရိုအသေပေးသောအခါ သူ၏လှုပ်ရှားမှုသည် သူဝတ်ထားသောဝတ်ရုံကြောင့် ကို့ရို့ကားယားဖြစ်နေပေသည်။
ESTÁS LEYENDO
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Fantasíaနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...