Part-4

11.4K 1.2K 36
                                    

Unicode  Version

မှိုင်းဟာ သူမရင်းနှီးသည့်ကျိန်စာမန္တာန်များအကြောင်းနှင့် ပတ်သက်လာသောအခါ များများစားစားစဥ်းစားမနေဘဲ နွန်း၏ဦးဆောင်ရာနောက်ကိုသာ အသာတိတ်တိတ်လိုက်နေလိုက်သည်။

နွန်းသည်သူ၏လက်ကိုအရှေ့သို့မသိမသာဆန့်တန်းရင်း မမြင်ရသည့်အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်စိတ်ကိုအဆင်သင့်ပြင်ထားလေသည်။ သို့သော်ရှုပ်ထွေးပွေလီလှသည့် လူအုပ်ကြီးကြားတွင် ဖြတ်သန်းသွားလာနေရသဖြင့် အလုပ်မတွင်လှပေ။ ဆေးမြစ်များရောင်းသောနေရာအရောက်တွင် နွန်းကခေတ္တရပ်တန့်လိုက်ပြီး ဘေးဘီဝဲယာကိုအကဲခတ်ကြည့်သည်။

လမ်းမ၏တစ်ဖက်တစ်ချက်စီတွင် စျေးဆိုင်တန်းများအစီအရီရှိ​နေပြီး လမ်းမထက်တွင်လည်းယောကျ်ား၊မိန်းမနှင့် ကလေးငယ်များသည် ဟိုဟိုသည်သည်စူးစမ်းကြည့်ရှုကာ ပစ္စည်းလှလှပပလေးများကိုမြင်တိုင်း လိုချင်မျက်စိဖြင့် တပ်မက်စွာငေးကြည့်နေကြသည်။

"ထူးဆန်းနေတယ်.."

နွန်းသည်ကလေးကစားစရာအရုပ်မျိုးစုံကိုရောင်းချသည့် တွန်းလှည်းငယ်လေးကိုစူးစူးစိုက်စိုက်ကြည့်ရင်းပြောလာသည်။ မှိုင်းကလည်း နွန်း၏အကြည့်တို့တည်မြဲနေသည့်နေရာဆီသို့ လိုက်ကြည့်ရင်းစူးစမ်းကြည့်သည်။

တွန်းလှည်းဆိုင်၏ပိုင်ရှင်သည်အဘိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏ဆိုင်ကိုစိတ်ဝင်တစားဖြင့်လာရောက်ကြည့်ရှုနေသောကလေးငယ်များကို စိတ်ရှည်လက်ရှည်နှင့်အရုပ်များအကြောင်း ပြောပြနေလေ၏။

"ဘာထူးဆန်းလို့လဲ"

"သူ့ရဲ့လက်တွေကိုကြည့်လိုက်"

မှိုင်းကလည်းနွန်းပြောသည့်အတိုင်းထိုအဘိုးအို၏လက်များကို အသေအချာကြည့်လိုက်သည်။ နွန်းပြောသည့်အတိုင်းအမှန်ပင်ထူးဆန်းနေလေသည်။ ထိုအဘိုး၏လက်နှစ်ဖက်မှာ ပြောင်းပြန်ဖြစ်နေပြီး ညာဘက်တွင်ရှိနေရမည့်လက်သည် ဘယ်ဘက်၌ရှိနေပြီး ဘယ်ဘက်၌ရှိနေရမည့်လက်ဟာ ညာဘက်တွင်ရှိနေလေ၏။

ထိုထူးဆန်းမှုကိုရိပ်မိသွားသောမှိုင်းသည် ကြက်သီးမွေးညင်းများ ထလာပြီးရုတ်တရက်ကျောချမ်းသွားရသည်။ ထိုဆိုင်နားတွင်လည်းကလေးငယ်များသာ ဝိုင်းအုံနေသည်ဖြစ်ရာ အရုပ်များဆီသို့အာရုံဝင်စားနေကြသည့်ကလေးများကလည်း ထိုအချင်းအရာကိုသတိမထားမိနိုင်ပေ။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Tempat cerita menjadi hidup. Temukan sekarang