Part-39

3.9K 497 49
                                    

Unicode Version

"မှန်တစ်ချပ်ဟာ မုသားကိုဆိုတယ်။ မှန်ရဲ့မုသားကို အရှိအတိုင်းအောင်မြင်စွာကျော်ဖြတ်နိုင်တာ သူတစ်ယောက်သာရှိတယ်"

ထိုအဆိုအတွက် အဖြေကို ပုဂ္ဂိုလ်သုံးယောက်သည် ချက်ချင်းအဖြေထုတ်လိုက်နိုင်သည်။

"သုည"

မရဏအရှင်၊ နွန်းနှင့် မှိုင်းတို့သည် တပြိုင်တည်းအဖြေကို ထုတ်ပြောဖြစ်ကြသည်။ နံဘေးရှိလူအုပ်ကြီးနှင့် မိစ္ဆာများမှာတော့ ထိုသုံးယောက်ကို ငေးကြည့်နေရုံသာတတ်နိုင်ပေသည်။

"မရဏအရှင်က လူသားတွေရဲ့ကိန်းဂဏန်းတွေကို နားလည်နေလိမ့်မယ်လို့ ထင်မထားဘူး"

နွန်းသည် မျက်ခုံးပင့်လျက် သူ၏အံ့သြသွားရမှုကို ထုတ်ပြသည်။ မရဏအရှင်မှာလည်း ခပ်မြူးမြူးလေသံနှင့် တုံ့ပြန်လေသည်။

"စာပေပညာရှင်တစ်ယောက်ရဲ့ခင်ပွန်းလုပ်နေမှတော့ ဒီလောက်တော့သိရမှာပေါ့"

နွန်းသည် မရဏအရှင်၏အပြုအမူများကို သံသယဖြစ်လာလေပြီ။ ဂူထဲသို့မဝင်ခင်ကတည်းက သူ၏ချစ်သည်းညှာလေးအကြောင်းကို ပြောနေပြီး ယခုလည်းမပြီးနိုင်မစီးနိုင်ကြွားနေပြန်သည်။ ထိုသူဟာ သူ့ရှေ့မှာမို့ တမင်တကာများ လုပ်ပြနေသလားဟုပင် သံသယဝင်မိသည်အထိပင်။

နွန်းမသိနိုင်သည့်အချက်မှာ မရဏအရှင်သည် နွန်းရှေ့မှာမို့ တမင်တကာလုပ်ပြနေခြင်းမှာ အမှန်တကယ်ဖြစ်လေကြောင်းကိုပင်။ သူသည် နွန်းနှင့်မှိုင်းအကြားက ထူးဆန်းသည့်လေထုလေးတစ်ခုရှိသည်ကို မြင်နေရသည်။ နွန်းကမှိုင်းနှင့် နီးစပ်လိုသည့်အရိပ်အယောင်လေး ရှိနေသည်ကိုလည်း မြင်ရသည်။ ထို့ကြောင့် သူတို့စတွေ့သည့်ရက်ကတည်းက စနောက်နေခဲ့ခြင်းဖြစ်သည်။

"ဒါဆို လျှို့ဝှက်နံပါတ်ရဲ့ပထမဆုံးတစ်လုံးသိရပြီပေါ့"

မှိုင်းသည် တစ်ယောက်တည်းရေရွတ်လိုက်ရင်း နောက်ထပ်ပဟေဠိတစ်ခုကို ကြည့်လိုက်ပြန်သည်။ ဒုတိယပဟေဠိ၏နံရံထက်တွင် ရှေးဟောင်းပုံစံနှင့်နာရီဟောင်းတစ်ခုရှိနေပြီး ထိုနာရီသည် ရုပ်ပုံမဟုတ်ဘဲ နာရီအရှင်တစ်ခုဖြစ်နေပေသည်။ ထို့ပြင် ထိုနာရီတွင်ရှိသမျှလက်တံများသည် ပြောင်းပြန်လည်နေလေ၏။ နာရီလက်တံနှင့်ဆန့်ကျင်ဘက်ကို လည်ပတ်နေသည့်အတွက် အချိန်မှာလည်း နောက်ပြန်သွားနေပေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now