Part-31

4.1K 569 19
                                    

Unicode Version

"အရှင်... ရိုင်းပျသလိုဖြစ်မယ်ဆိုပေမယ့် အခုလိုပြောရတာကို နားလည်ပေးပါ။ ကျွန်တော်မျိူးက အရှင့်ရဲ့လက်အောက်ငယ်သားဖြစ်တယ်ဆိုရင်တောင် ကျွန်တော်မျိုးရဲ့မိသားစုပိုင်ဂူဗိမ္မာန်ကိစ္စနဲ့ ပတ်သက်ပြီး အခုလိုစွပ်စွပ်စွဲစွဲပြောတာကတော့..."

"ငါ့ဘက်က ဘောင်ကျော်တယ်လို့ပြောချင်တာလား.."

နွန်းသည် အံကိုတင်းတင်းကြိတ်ထားပြီး သူ၏မကျေနပ်သည့်စိတ်အစဥ်ကို တမင်တကာပြသနေပြန်သည်။ ဒီဗဲလ်ရာကလည်း ကြိုတွေးထားသလိုဖြစ်ပျက်လာသည့် တုံ့ပြန်မှုများကြောင့် သူ၏အရှင်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် တိတ်တဆိတ်သတိပေးလိုက်ပေသည်။ သို့သော် နွန်းကမူ သူ၏စကားကို ပြန်ပင်မဖြေဘဲ တာအီမြို့စားကိုသာ စေ့စေ့ကြည့်နေဆဲ။

"ခွင့်လွှတ်ပါ အရှင်...။ ကျွန်တော်မျိုးတို့မှာ အရှင်ပြောသလို အဖြစ်အပျက်မျိုးမကြုံဖူးတာ အမှန်ပါပဲ။ တကယ်လို့ မိသားစုပိုင်ဂူဗိမ္မာန်က တကယ်ပဲအဖောက်ခံရတယ်ဆိုရင်တောင် အရှင့်အနေနဲ့ ကျွန်တော်မျိုးတို့မိသားစုအရေးကို အခုလိုထုတ်ဖော်ဖို့မသင့်တော်ပါဘူး"

"တကယ်လို့ အဲ့ဒီကိစ္စက တော်ဝင်မိသားစုနဲ့ တော်ဝင်ရဲတိုက်ရဲ့လုံခြုံရေးကို ထိပါးစေခဲ့မယ်ဆိုရင် အဲ့ဒါကို ဘယ်လိုလုပ် မင်းတို့ရဲ့မိသားစုအရေးလို့ သတ်မှတ်လို့ရမှာလဲ"

နွန်းသည် သူ​ဆွေးနွေးလိုသော အကြောင်းအရာကို မရမကဆွဲခေါ်လာခဲ့ပြီးနောက် သူ၏အစီအစဥ်ကျမှုများကို တွေးတောရင်း ကျေနပ်မိသည်။ သို့သော် အမူအရာကိုတော့ ဆက်လက်ထိန်းထားဆဲပင်။ သို့သော် ခန်းမကျယ်ကြီးထဲမှ အခြားသူများကတော့ သူ့လို တည်ငြိမ်မနေနိုင်တော့ပေ။ တော်ဝင်မိသားစု၏လုံခြုံရေးထိပါးခြင်းဟု ကြားလိုက်သည်နှင့် အားလုံးသည် အရေးပေါ်ကိစ္စဖြစ်ကြောင်း ရိပ်စားမိလိုက်ကြသည်။

"ကျွန်တော်မျိုး တော်ဝင်မိသားစုရဲ့လုံခြုံရေးကို တစ်ကြိမ်တစ်ခါမှမထိပါးခဲ့ပါဘူး အရှင်..။ ဒါဟာ အခြေအမြစ်မရှိတဲ့ အထင်အမြင်လွဲမှုသက်သက်ပါ"

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now