Part-79 (Final Part)

6.1K 482 17
                                    

Unicode Version

"အဲ့ဒီအချိန်ကစပြီး ငါ မင်းကိုစိတ်ဝင်စားခဲ့တာ..။ ငါတို့ မစ္စတာဝမ်ရဲ့ပါတီမှာ ပြန်တွေ့တော့ ငါ့ရင်ထဲမှာ မင်းရှိနေတုန်းပဲဆိုတာ ပိုသေချာသွားတယ်။ ရုတ်တရက်ဆန်နေမလားမသိပေမယ့် ငါ မင်းနဲ့နီးစပ်ချင်နေခဲ့တာကြာပါပြီ"

ဤစကားလုံးများဟာ မှိုင်း ဆေးရုံတက်နေသည့်အတောအတွင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်နေစဥ်အတွင်း သူ့အာရုံထဲမှာ တဝဲလည်လည်ဖြစ်နေခဲ့သော စကားလုံးများသာ...။

သူ့အား တိတ်တခိုးချစ်နေခဲ့သူကိုမှ ပြိုင်ဘက်ဟု ထင်မှတ်မိလေခြင်း...။

အစကတည်းက လွဲချော်ခဲ့သောအကြောင်းအရာများကို ယခုပြန်တွေးကြည့်မှ သူကသာလျှင် တစ်ဖက်သတ်အထင်လွဲနေခဲ့ခြင်းသာဖြစ်ကြောင်း နားလည်လိုက်သည်။

တစ်ဖက်လူ၏အပြုအမူမှန်သမျှသည် သူ့အားလှောင်ပြောင်လိုခြင်းမဟုတ်ပါဘဲ တိတ်တခိုးစိတ်ဝင်စားနေသူတစ်ယောက်၏ ရှက်ကိုးရှက်ကန်းအပြုအမူများသာ ဖြစ်ခဲ့ခြင်းပင်။

ဆေးရုံမဆင်းခင်အတောအတွင်းမှာ ကိစ္စတော်တော်များများကို သူသုံးသပ်ဖြစ်ခဲ့သည်။ သူ့ဘက်က တစ်ဖက်လူ၏ခံစားချက်ကို တုံ့ပြန်ရန် တွန့်ဆုတ်နေခြင်းမဟုတ်။ သူ၏ခံစားချက်သည်လည်း တစ်ဖက်လူနှင့်ထပ်တူကျနေပါသော်ငြား ဝန်ခံလိုက်ဖို့မှာ ရုတ်တရက်ဆန်နေပေသည်။ ထို့ပြင် သူသည် တစ်ဖက်လူကို ပြိုင်ဘက်တစ်ယောက်မျှသာ သဘောထားခဲ့ဖူးသည်မဟုတ်လား။

ချက်ချင်းသဘောထားပြောင်းလိုက်ပါက အံ့သြထိတ်လန့်စရာကောင်းသွားမည့်အပြင် ခံစားချက်တို့ကလည်း ပေါ့ပြက်ပြက်နိုင်သွားမည်ပင်။

ထို့ကြောင့် သူလည်း အချိန်ယူ၍တွေးတောချင်ကြောင်း ပြောခဲ့သည်။ လွှမ်းဆက်ကလည်း လက်ခံပါသည်။ သူဟာ မှိုင်းလိုသလောက်အချိန်ယူနိုင်ကြောင်း ပျော်ရွှင်စွာအကြံပြုရင်း ဖိအားတစ်စုံတစ်ရာလည်း မပေးခဲ့ချေ။

သူဆေးရုံတက်နေသည့်အတောအတွင်းမှာ နေ့တိုင်းရောက်လာပြီး ဝေယျာဝစ္စမှန်သမျှ ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ပေးသည်။ ညနေဘက်တွေမှာ ဆေးရုံဝင်းထဲတွင် လမ်းလျှောက်ထွက်ဖို့ခေါ်သွားပေးသည်။ ဟိုဟိုသည်သည် အကြောင်းအရာတချို့ကိုလည်း အာလ္လာပသလ္လာပပြောဖြစ်ကြသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now