Unicode Version
အိမ်တော်ထဲသို့ခြေချလိုက်သည်နှင့် မွှေးပျံ့လှသောအစားအသောက်ရနံ့များက မရဏအရှင်၏အနံ့ခံအာရုံကို တိုးဝှေ့ပွတ်သပ်သည်။ ထိုရနံ့လေးကို ရလိုက်သည်နှင့် မရဏအရှင်မှာ အိပ်ဆောင်ဆီသို့ လှမ်းမည့်ခြေလှမ်းများကို စားဖိုဆောင်ဆီသို့ ပြောင်းလဲဦးတည်လိုက်ရသည်။
မရဏအရှင်ရောက်လာသည်ကိုမြင်သည်နှင့် စားဖိုဆောင်အရှေ့ရှိအစေခံများမှာ အရိုအသေပေးပြီး စားဖိုဆောင်မှထွက်ခွါသွားကြတော့သည်။
သူလည်း စားဖိုဆောင်ထဲသို့ ဝင်သွားပြီးနောက် သူ့အားကျောပေးကာ အလုပ်ရှုပ်နေပါသောလူသားလေးကို တစိမ့်စိမ့်ငေးကြည့်နေမိသည်။ ဆင်စွယ်ရောင်အင်္ကျီနှင့်ဘောင်းဘီကို အပေါ်မှ ပယင်းရောင်ဝတ်ရုံရှည်အား ထပ်၍ဝတ်ဆင်ထားသည့် သွင်ပြင်လေးသည် သူ၏အမြင်အာရုံကို ရွှင်လန်းစေသည်။
"အေရွန်"
ငြိမ်သက်နေသောကျောပြင်လေးကို တယုတယထွေးပိုက်မိသောအခါ အလုပ်ထဲ၌ စိတ်နှစ်ထားဟန်တူသော သူ၏အေရွန်မှာ ထိတ်ခနဲ။
"လန့်သွားလား။ တောင်းပန်ပါတယ်"
"ရုတ်တရက်ကြီးဖြစ်သွားလို့ပါ။ ကိစ္စတွေအဆင်ပြေခဲ့ရဲ့လား"
ပွေ့ဖက်ထားရာမှ ဖယ်ခွါပေးမိလေရာ အေရွန်သည် သူနှင့်မျက်နှာချင်းဆိုင်ကို လှည့်လာပြီး သူ၏မေးရိုးကို ကိုင်ထားလျက်သားနှင့် ငေးကြည့်နေပေသည်။ ရွှန်းစိုသောနှုတ်ခမ်းဖူးလေးနှစ်လွှာက စကားပြောနေချိန်များတွင် တစ်ခုကိုတစ်ခုထိကပ်ပွတ်တိုက်မိသည်ဖြစ်ရာ ထိုမြင်ကွင်းကိုကြည့်ပြီး မရဏအရှင်မှာ တမေ့တမော။
"ဖြေရှင်းစရာတွေကျန်နေသေးပေမယ့် လောလောဆယ်တော့ထိန်းချုပ်မှုအောက်မှာရှိနေတုန်းပါပဲ"
အေရွန်၏အောက်နှုတ်ခမ်းလွှာလေးကို လက်မနှင့်ပွတ်သပ်ကာ နူးညံ့ဖွယ်အထိအတွေ့လေးကို ခံစားလိုက်သည်။ အကြမ်းပတမ်းကိုင်တွယ်မိလျှင်ပင် အနာတရဖြစ်သွားမည့်အလား နူးညံ့နိုင်လွန်းသော နှုတ်ခမ်းဖူးလေးကို ညင်ညင်သာသာဖိကပ်နမ်းရှိုက်လိုက်ပေသည်။
YOU ARE READING
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Fantasyနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...