Part-51

2.9K 427 20
                                    

Unicode Version

မှိုင်းကိုယ်တိုင်ရေးဆွဲသည့် အစီအစဥ်အောက်တွင် နွန်းရော အခြားလူများပါ လှုပ်ရှားကြရသည်။ ထိုအစီအစဥ်အတိုင်း ခရီးထွက်ခဲ့ကြသည့်လမ်းတွင် ခယ်မိုလွှတ်လိုက်သော သတင်းပို့သူက သူတို့ကိုလာရှာသည်နှင့် ကြုံလေသည်။

နွန်းလည်း သတင်းပို့သူထံမှစာလွှာကို တိတ်တဆိတ်လက်ခံပြီးနောက် ထိုလူကို ခယ်မိုထံသို့အမြန်ပြန်ရန် အမိန့်ပေးလိုက်သည်။ နောက်တစ်မြို့၌ အနားယူကြရန် တည်းခိုဆောင်ရှာကြရာတွင် သူတို့အားလုံးသည် မှိုင်း၏အစီအစဥ်အရ ထင်ပေါ်မြင်သာလှသောနေရာတွင် မတည်းကြဘဲ အနည်းငယ်ချောင်ကျပြီး နာမည်မရှိသောတည်းခိုဆောင်ကိုသာ ရွေးချယ်ကြသည်။

"အရှင်.. ခယ်မိုဆီက ဘာသတင်းများပါတာလဲ"

ညဘက်အိပ်စက်ချိန်မှာ အနားမယူနိုင်ကြသေးသော မှိုင်းနှင့်နွန်းတို့က စားပွဲတစ်ခုတွင်အတူတကွထိုင်ကာ ခြေတံရှည်အရက်ခွက်ကိုယ်စီကိုင်ထားရင်း ဆွေးနွေးခန်းဝင်ဖြစ်ကြသည်။

"သူတို့တွေ သွေးနှောသန္ဓေသားအကြောင်း စုံစမ်းလို့ရပြီတဲ့"

"ဘာတဲ့လဲ"

"အဲ့ဒါက တစ်ချိန်တုန်းက ကိစ္စတစ်ခုကြောင့် မိစ္ဆာမျိုးနွယ်ထဲက နှင်ထုတ်ခံခဲ့ရတဲ့ မိစ္ဆာသင်းကွဲနှစ်ကောင်က မသေသေးဘဲ ကြိုးကိုင်နေတာလို့သိရတယ်။ သူတို့နှစ်ယောက်က မရဏအရှင်အပေါ် ထားတဲ့အာဃာတတွေကြောင့် မိစ္ဆာလောကကိုချုပ်ကိုင်မယ်ဆိုတဲ့ အကြံနဲ့ အင်အားတောင့်တင်းတဲ့မျိုးစိတ်တစ်ခုကို ဖန်တီးဖို့ကြံစည်ခဲ့ကြတယ်။ နောက်ဆုံး သူတို့အောင်မြင်ခဲ့တယ်လေ။ သွေးနှောသန္ဓေသားဆိုတဲ့မျိုးစိတ်ကို သူတို့ဖန်တီးနိုင်ခဲ့တယ်"

နွန်းသည် လက်ထဲက ခြေတံရှည်အရက်ခွက်ကို စားပွဲပေါ်သို့ အသာအယာတင်လိုက်သည်။ မှိုင်းကလည်း ထိုလှုပ်ရှားမှုကို အမှုမဲ့အမှတ်မဲ့ငေးရင်း အတွေးပင်လယ်ထဲမှာ မျောနေလေ၏။ နွန်းကလည်း သူ၏အကြည့်ကို မှိုင်းဆီသို့ပို့မိချိန်မှာ မှိုင်းတစ်ယောက် နဖူးကြောများတွန့်ရှုံ့ထားပြီး တစ်စုံတစ်ရာကို အပြင်းအထန်စဥ်းစားနေပုံပေါ်သဖြင့် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပေးလိုက်သည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now