Part-50

3.4K 428 32
                                    

Unicode Version

တည်းခိုဆောင်ကိုပြန်ရောက်သောအခါ မတိုင်မီကအဖြစ်အပျက်ကြောင့် နွန်းသည် သူ့ကိုစိတ်မချဟုဆိုကာ အခန်းထဲတွင် လာအိပ်လေသည်။ ငြင်းဆန်ခွင့်ပင်မရှိရှာသည့် မှိုင်းမှာ ပါးစပ်အဟောင်းသားဖြင့် ငေးနေရုံမှတစ်ပါး အခြားတတ်နိုင်တာမရှိချေ။

နှစ်ယောက်သား ကိုယ်လက်သန့်စင်ပြီး၍ ပေါ့ပေါ့ပါးပါးအဝတ်အစားများ လဲပြီးနောက် အခန်းထဲရှိစားပွဲ၌ မျက်နှာချင်းဆိုင်ထိုင်ကာ ဆွေးနွေးခန်းဝင်ကြသည်။

"ခရီးစထွက်လာကတည်းက ကိုယ်တွေးနေတာ။ မင်းရဲ့မိဘတွေကို လုပ်ကြံတဲ့လူက ရဲတိုက်ရဲ့အာဏာကိုလုဖို့ကြံနေတယ်ဆိုတာက စိတ်ထဲမှာထင့်နေတယ်။ အဲ့ဒီတရားခံကို အရိပ်အမြွက်ပဲဖြစ်ဖြစ် ခန့်မှန်းမိလား"

မှိုင်းသည် တွေဝေနေဟန်နှင့် တိတ်ဆိတ်နေသည်။ တစ်စုံတစ်ရာကိုချင့်ချိန်တွေးဆနေပြီး နွန်းကိုကြည့်လိုက် တစ်ဖက်ကိုငေးလိုက်နှင့် အလုပ်များနေလေ၏။

"ခန့်မှန်းမိနေတာပဲ။ လွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်။ ဘယ်သူလဲ"

"လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့သက်သေမရှိသေးလို့ ထုတ်မပြောနိုင်သေးပါဘူး အရှင်။ ဒါပေမဲ့ အရှင်သတိထားလို့ရအောင် သတိပေးရမယ်ဆိုရင် နီးစပ်သူတွေကို အရမ်းမယုံထားပါနဲ့။ အမြဲသတိထားပါ"

"နီးစပ်သူဆိုတော့ တကယ်ပဲဘယ်သူမို့လို့လဲ။ မင်း ကိုယ့်ကိုမယုံလို့ မပြောတာတော့ မဟုတ်လောက်ဘူးမလား"

ရှုပ်ထွေးသောအကြောင်းပြချက်များကြောင့် မှိုင်း သက်ပြင်းဖွဖွချလိုက်သည်။ ထို့နောက် သွားလေရာကို အဆောင်တစ်ခုသဖွယ် သယ်ဆောင်လေ့ရှိသောနေတလူပန်းမှုန့်များကို ထုတ်ယူလိုက်သည်။

တရားခံသည် သူ၏မိဘများကိုသတ်ရန် အလျင်မလိုခဲ့ပေ။ ဖြည်းဖြည်းနှင့်မှန်မှန် အဆိပ်မှုန့်တို့ကိုကျွေးကာ အချိန်တန်မှ အာနိသင်ပြစေသည်။

အေးအေးလူလူရှိလှသော လူသတ်မှုသည် အတွင်းလူကသာ ကြံစည်နိုင်ခြင်းမျိုးဖြစ်သည်။ နောက်တစ်ချက်ထပ်ဖြည့်ရလျှင် အာဏာရှိလူတန်းစားလည်း ဖြစ်ပေလိမ့်မည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now