Part-24

5K 639 74
                                    

Unicode Version

ယနေ့ ညီလာခံသဘင်သည် သာမန်ထက် ပို၍တိတ်ဆိတ်နေပြီး ညီလာခံထဲရှိစစ်သူကြီးများနှင့် မြို့စားများသည် တုန်လှုပ်မှုကြောင့် ကြက်သေသေနေကြသည်။ ရာထူးနိမ့်ငယ်သားများကမူ ရိုကျိုးစွာ ခေါင်းကိုငုံ့ချထားသည်မှာ ခါးပင်ကျိုးလုမတတ်။

ခမ်းနားတင့်တယ်သောလှေကားထစ်များ၏ ထိပ်ဆုံးတွင်ရှိနေကျပုလ္လင်တော်များ၏ အပြင်အဆင်သည် ယနေ့တွင် ထူးခြားမှုရှိနေ၏။ ပုလ္လင်တော်နှစ်ခု အပေါ်အောက်ကပ်လျက်ရှိနေရာမှ ယနေ့တွင်မူ နောက်ထပ်ပုလ္လင်တော်တစ်ခု တိုးလာလေသည်။

စင်မြင့်၏အလယ်အကျဆုံးနှင့် အမြင့်ဆုံးအဆင့်၌ နွန်း၏ ငွေမင်ရောင်ပုလ္လင်တော် တည်ရှိပြီး သူ၏ဘေးရှိ ဧည့်သည်ပုလ္လင်တော်တွင် အမူအရာကင်းမဲ့နေသောမျက်နှာနှင့် ခန့်ညားစွာ နေရာယူထားသော မရဏအရှင် နျူဇယ်လ် ရှိနေပေသည်။ စူးရှလွန်းလှသောအကြည့်၊ သြဇာတိက္ကမနှင့်ပြည့်စုံသော အမူအရာနှင့် လူတကာကိုဖိနှိပ်အုပ်မိုးထားနိုင်သည်အထိ ပြင်းထန်သောကိုယ်ရောင်ကိုယ်ဝါတို့ကြောင့် ညီလာခံသဘင်၌ရှိနေကြသည့် လူအားလုံးသည် တုတ်တုတ်မျှမလှုပ်နိုင်ဘဲ ဦးညွတ်ထားရုံသာ တတ်နိုင်လေသည်။

ထိုသူတို့၏အတွေးထဲတွင်မူ တော်ဝင်ရဲတိုက်၏ ညီလာခံသဘင်သို့ မရဏအရှင် လာရောက်ရသည့်အကြောင်းအရင်းကို တွေးတောခန့်မှန်းနေကြသည်။ လူသားနှင့် မိစ္ဆာတို့၏ ယှဥ်တွဲနေထိုင်မှုတွင် တင်းကြပ်မှု မလွန်မင်းလှသော်လည်း ယခုကဲ့သို့ တော်ဝင်အခမ်းအနားမျိုးကို တက်ရောက်ရခြင်း၏ ရည်ရွယ်ချက်သည် မရဏအရှင်မှ တော်ဝင်ရဲတိုက်၏ကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်လာလေသလားဟူသော အတွေးများကိုလည်း တွေးမိကြသဖြင့် ရဲတိုက်၏အရှင်သခင်ထံမှ သဘောထားကိုလည်း သိလိုကြသည်။

ရဲတိုက်၏အရှင်သခင် နွန်းသည်လည်း မရဏအရှင်ထက် မလျော့သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ခန်းမတစ်ခုလုံးဆီသို့ ဖြန့်ကျက်ထားလေသည်။ သူ၏အမူအရာသည် ဒေါသကိုထိန်းချုပ်နေရသောအရိပ်အယောင်ရှိသဖြင့် အောက်ဘက်ရှိအမတ်များနှင့် စစ်ဗိုလ်ချုပ်များလည်း သတိကြီးကြီးထားနေရသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now