Part-40

4.1K 502 11
                                    

Unicode Version

နွန်းနှင့်မရဏအရှင်တို့သည် မှိုင်းကအစောင့်နှစ်ဦးကို လျှိူ့ဝှက်နံပါတ်ရိုက်ထည့်ရန် စေခိုင်းနေသည်ကို အသာငြိမ်၍ကြည့်နေကြသည်။ သူတို့မျက်စိရှေ့ရှိသခင်လေး၏ တည်ကြည်လေးနက်နေပြီး ယုံကြည်ကိုးစားနိုင်သောအငွေ့အသက်များ ထုတ်လွှတ်နေသည့် မျက်လုံးအကြည့်နှင့် အရှိန်အဝါတို့ကြောင့် ဖြစ်ပေမည်။

မှိုင်းသည် အထက်ဘက်ရှိနံပါတ်စဥ်များစီတန်းနေရာချထားသော ဂူနံရံကို လူနှစ်ယောက်ပေါင်း၍ အမီရပ်စေပြီးမှ လျို့ဝှက်နံပါတ်တစ်လုံးချင်းစီကို သေချာရွတ်ပြလိုက်သည်။ ငယ်သားနှစ်ဦးသည်လည်း မှိုင်း​ပြောသည့်အတိုင်း တစ်သဝေမတိမ်းလုပ်ဆောင်လေသည်။

သုည၊လေး၊ငါး၊ကိုး၊ငါး၊ခုနစ် (045957)

လျှို့ဝှက်နံပါတ်ရိုက်နှိပ်ပြီးစီးသည်နှင့် ထိုလူနှစ်ယောက်သည် ဘေးနားသို့ကပ်နေလိုက်ပြီး ဂူနံရံကိုသေချာစိုက်ကြည့်နေကြသည်။ မှိုင်းအပါအဝင် ကျန်သူအားလုံးမှာလည်း ပတ်ပတ်လည်ကို ကျီးကန်းတောင်းမှောက်ကြည့်နေကြကာ ထူးခြားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာဖို့ စောင့်ဆိုင်းနေကြသည်။

အားလုံးသည် အသက်ပင်ရဲရဲမရှူရှိုက်ဝံ့ကြဘဲ အဖြစ်အပျက်သေးသေးလေးကအစ အာရုံစူးစိုက်နိုင်ရန် ကြိုးစားနေကြသဖြင့် ဂူထဲတွင် မူလကထက်ပို၍တိတ်ဆိတ်ခြောက်ကပ်သွားသည်။ အမှောင်ထုသည် ကြီးစိုးလျက်သာရှိပြီး မီးအလင်းရောင်ခပ်မှိန်မှိန်တို့သာ ဖြာကျဆဲပင်။ အပြောင်းအလဲတစ်စုံတစ်ရာဟူ၍လည်း စိုးစဥ်းမျှမရှိ။

အတန်ကြာသည်အထိ စောင့်ဆိုင်းပြီးနောက်တွင် မှိုင်းတို့သည် တစ်စုံတစ်ရာလွဲမှားနေလေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ဂူနံရံတစ်ချပ်လှုပ်ရှားသွားသံကို ကြားရလိမ့်မည်ဟုမျှော်လင့်ထားကြသော်လည်း လေတိုးသံပင်မကြားရသည့်အခြေအနေမှာ စိတ်ပျက်ဖွယ်ရာပင်။

"နံပါတ်မှားနေတယ်ထင်တယ်"

နွန်းသည် မှိုင်းဘက်သို့လှည့်လာကာ မရေမရာရေရွတ်လိုက်ပြီး ပဟေဠိပုစ္ဆာများရှိရာနံရံချပ်ကို ပြန်သွားကြည့်ပြီး စစ်ဆေးသည်။ မရဏအရှင်ကလည်း နွန်း၏စကားကို ထောက်ခံဟန်နှင့်ခေါင်းညိတ်ပြသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Onde histórias criam vida. Descubra agora