Part-60

3.1K 399 2
                                    

Unicode Version

နီညိုရောင်ဝတ်ရုံစသည် လေနှင်ရာအတိုင်း​ခြေဆန့်နေလေသော်ငြား တင့်တယ်သောခါးစည်းကြိုး၏တင်းကြပ်မှုကြောင့် အပြည့်အဝလွတ်လပ်ခွင့်မရရှာပေ..။

ဝတ်ရုံပိုင်ရှင်သည် အကြောင်းအမျိုးမျိုးကြောင့် ခြေလှမ်းတို့တွန့်ဆုတ်သွားလေတိုင်း သူကာကွယ်ရမည့်အဖိုးတန်လေးကို ပြန်မြင်ယောင်မိသည်နှင့် အင်အားယုတ်လျော့နေသမျှပင် ပြန်လည်အားပြည့်လာသယောင်။

သုံးရက်မျှသာကြာမည်ဟု မှိုင်းအားကတိပေးခဲ့သော်လည်း ယခုတော့ဖြင့် ခုနစ်ရက်ပင်ကြာမြင့်ခဲ့ရပြီ။ မှိုင်းကလည်း သူ့အတွက်စိတ်ပူနေချေရော့မည်။ သူသည်လည်း မှိုင်းကို တွေ့ချင်လှပြီဖြစ်သည်။

သူနှင့်မရဏအရှင်သည် ရဲတိုက်ထဲကိုခိုးဝင်ကာ သမားတော်ဒီဗာကိုကယ်တင်မည်ဟူသောအစီအစဥ်ကို စတင်အကောင်အထည်ဖော်ရန် ထွက်လာကတည်းက ယခုအထိခက်ခဲပင်ပန်းခဲ့ရသည်သာ။ အစောင့်အကြပ်အပြည့်နှင့်ရဲတိုက်ထဲကို ဝင်ခွင့်ရရန် ညအချိန်ကိုစောင့်ပြီးလှုပ်ရှားခဲ့ရသလို ​အကျဥ်းတိုက်ထဲ၌ပိတ်လှောင်ခံထားရသော သမားတော်ဒီဗာကိုကယ်တင်ဖို့ နွန်း၏သစ္စာတော်ကိုခံယူချင်သေးသောအမှုထမ်းများနှင့် တိတ်တဆိတ်ဆက်သွယ်ကာ ထိုလူများ၏အကူအညီဖြင့် ခဲရာခဲဆစ်ကြိုးပမ်းခဲ့ရသည်။

နွန်းသည် သမားတော်ဒီဗာကိုကယ်ထုတ်လာခဲ့ပြီး မရဏအရှင်နှင့်အတူ ရဲတိုက်ထဲမှပြန်ထွက်ခဲ့စဥ်က ဖြစ်ရပ်တချို့ကိုပြန်တွေးတောနေမိသည်။ ရဲတိုက်ထဲမှ အောင်အောင်မြင်မြင်ထွက်နိုင်တော့မည့်အခိုက်မှာပင် ကြားလိုက်ရသည့်အသံတစ်သံဟာ သူ၏ခြေလှမ်းများကိုတုံ့ဆိုင်းစေရုံသာမက သူ၏ရင်ကိုပါလေးလံသွားစေသည်။

မမြင်နိုင်သော်လည်း ရင်းနှီးလွန်းမကရင်းနှီးနေသောအသံပိုင်ရှင်သည် သူ့ရင်ထဲကို လွမ်းမောမှုနှင့်အတူ စက်ဆုပ်ရွံရှာခြင်းကိုပါ သယ်ဆောင်လာသည်။

တစ်သက်နှင့်တစ်ကိုယ် ဘယ်သူသစ္စာဖောက်ဖောက် ထိုလူကတော့ဖြင့် အဆုံးအထိ သူ့အနားမှာနေမည်ဟု တထစ်ချယုံကြည်ခဲ့ရသမျှ သဲထဲရေသွန်သလိုသာ...။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Onde histórias criam vida. Descubra agora