Part-75

2.4K 302 8
                                    

Unicode Version

လက်ထဲကဖန်ပုလင်းလေးကို အမူအရာမဲ့စွာစိုက်ကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။ ဖန်ပုလင်းထဲမှာကား ခရီးမထွက်ခင်က အကြံအဖန်လုပ်၍ရလာသည့် အကြီးအကဲ၏သွေးစက်များပင်ဖြစ်၏။

ခရီးထွက်လာခဲ့ရသော်လည်း နောက်ကြောင်းလည်းမဖြောင့်နိုင်ပေ။ ကျန်ရစ်နေခဲ့သူကို ပူပန်ရသည်ကတစ်မျိုး၊ လွမ်းဆွတ်ရသည်ကတစ်ဖုံ..။

သွားမှဖြစ်မည့်ခရီးအတွက် နောက်ဆံတင်းနေလည်း အပိုပင်။

ခရီးက ရှေ့နားဆိုလျှင် ရောက်ပြီ။ နောက်ဆုတ်၍မဖြစ်သည့်စွန့်စားခန်းလည်း စတင်ချေပြီ။

ထိုနေရာမှာကား အကွာအဝေးအားဖြင့်ကြည့်လျှင် မျိုးနွယ်စုတစ်ခုလုံး၏ဗဟိုလည်းဖြစ်ပြီး ဤဒေသ၏အထင်ကရနေရာတစ်ခုလည်းဖြစ်၏။

"မျိုးနွယ်စု၏ဗဟိုချက်"တည်းဟူသော စကားလုံးအတွက် အဖြေလည်းဖြစ်ပေသည်။ သွေးကိုဖြတ်ကျော်ရမည်ဟူသော အဖြေအတွက်ကတော့ ယခု သူ့လက်ထဲမှာ သွေးပုလင်းတစ်ခုရှိနေလေပြီ။ အဖြေကိုဖော်ထုတ်ဖို့အတွက် သိပ်မကြာနိုင်တော့ချေ။

သူနှင့်အတူပါလာသော လေးသည်တော်များကိုသာ ပထုတ်ဖို့ကျန်တော့သည်။ ထိုအတွက်လည်း ကြိုတင်ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။ သူ့ဘက်က အခြေအနေကိုကြည့်၍ လှုပ်ရှားရန်သာလိုအပ်သည်။

"ရှေ့ကတောအုပ်ကိုကျော်ပြီးရင် ခေါင်းဆောင်ပြောတဲ့နေရာကိုရောက်ပါပြီ"

သစ်ရွက်ခြောက်များကို နင်းမိ၍ တဂျွတ်ဂျွတ်မြည်သံများထွက်ပေါ်နေသည့်ကြားမှာ ဘေးဘက်ရှိလေးသည်တော်တစ်ယောက်က သူတို့၏လက်ရှိတည်နေရာကို စစ်ဆေးရင်း စကားဆိုလာသည်။

မှိုင်းလည်း သစ်ရွက်ခြောက်များ တောင်လိုပုံနေသဖြင့် မြေပြင်ပင်ပျောက်နေပြီဖြစ်သော အောက်ဘက်ကိုငုံ့ကြည့်ရင်း ထိုသူ၏စကားကို ပြန်ဖြေလိုက်သည်။

"ကောင်းပြီ။ ဒါပေမယ့် ဒီနေရာမှာ ခဏလောက်နားကြရအောင်"

အနည်းငယ်မျှဆက်သွားလျှင်ပင် ရောက်နိုင်သည့်ခရီးကို ခဏနားဖို့ မှိုင်းကပြောလာသည့်အခါ ကျန်လူများလည်း ဝေခွဲရခက်သွားဟန်ပေါ်သော်ငြား ခေါင်းဆောင်၏အမိန့်ကိုလည်း အာခံနိုင်ခြင်းမရှိကြပုံဖြင့် အင်တင်တင်နှင့်ခေါင်းညိတ်ကြရသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Onde histórias criam vida. Descubra agora