Part-20

5.7K 665 53
                                    

Unicode Version

မှိုင်းဟာ နွန်းဆီမှထွက်လာခဲ့ပြီးနောက်တွင် ဝှက်စာနှင့်ပတ်သက်၍ ဖြေရှင်းရန် တော်ဝင်မိသားစုပိုင် စာဖတ်ခန်းသို့ ရောက်လာခဲ့သည်။ ဖလွန်ဇာကိုမူ အပြင်ဘက်၌ စောင့်နေစေသည်။

ကြေးနီရောင်လင်းလက်နေသော အခန်းကျယ်ကြီးထဲတွင် ဦးစွာမြင်လိုက်ရသည်ကတော့ ခေတ်အဆက်ဆက်ပညာဥာဏ်ကြီးမားခဲ့သော အကြံပေးပုဂ္ဂိုလ်များနှင့် ပညာရှိများ၏ ပုံတူပန်းချီကို မြင့်မားလှသောနံရံထက်တွင် စီတန်းကာချိတ်ဆွဲထားသည့်မြင်ကွင်းပင်။ ခန်းမကြီး၏ အလယ်တည့်တည့်တွင် ကျွန်းစားပွဲရှည်တစ်လုံးတည်ရှိပြီး စားပွဲ၏ဘေးတစ်ဖက်တစ်ချက်စီတွင် တင့်တယ်လှသောကျောမှီထိုင်ခုံလေးများ စီတန်းကာနေရာချထားသည်။

စာအုပ်စင်များမှာ နံရံနှင့်ကပ်လျက်နေရာများတွင် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် နေရာယူလျက်ရှိပြီး ခြုံငုံ၍ကြည့်လိုက်မည်ဆိုလျှင် ဝင်္ကပါတစ်ခုအလား ထင်မှတ်ရသည်။ ဤမျှများပြားသော စာအုပ်စင်ကြီးတို့၌ စာအုပ်အမျိုးအစားများကလည်း မနည်းမနောပင်။ ထို့ကြောင့် စာအုပ်စင်၏အကန့်တစ်ခုချင်းစီ၌ အမျိုးအစားခွဲခြားပြသည့် မှတ်စုတိုလေးကို ထွင်းထုထားလေသည်။ ဤသို့ဖြင့် စာအုပ်ရှာဖွေလိုသူက အလွယ်တကူအမျိုးအစားခွဲနိုင်မည်ဖြစ်၏။

"ဒီလောက်စာအုပ်အများကြီးထဲမှာ ငါသိချင်တာကို ဖြေနိုင်မယ့် စာအုပ်တစ်အုပ်တစ်လေ မရှိဘဲတော့ မနေလောက်ပါဘူး"

မှိုင်းဟာ ယုံကြည်မှုအပြည့်နှင့် အမျိုးအစားခွဲပြထားသည့်မှတ်စုတိုများကို လိုက်လံစစ်ဆေးလိုက်သည်။ သို့သော် နာရီဝက်မျှအကြာတွင် သူသိချင်သည့်အကြောင်းအရာနှင့် ဆက်စပ်သော စာအုပ်တစ်အုပ်တစ်လေမှ မရှိကြောင်းကို လက်ခံလိုက်ရပေပြီ။

"ကံဆိုးလိုက်တာ.. အခု ဘာဆက်လုပ်ရမလဲ.."

မှိုင်းသည် တော်ဝင်စာကြည့်ခန်းထဲမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့ပြီးနောက် သူ၏မျက်နှာသည် ဘာဆက်လုပ်ရမှန်းမသိသည့် အမူအရာများ ပြည့်နှက်နေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now