Part-44

3.3K 465 19
                                    

Unicode Version

မှိုင်းသည် သမားတော်ဒီဗာ၏ကျန်းမာရေးအခြေအနေ အနည်းငယ်တည်ငြိမ်လာသည်နှင့် ဤနေရာမှထွက်ခွါရန်ပြင်ထားသည်။ သမားတော်ဒီဗာသည် ကိစ္စများတွင်ပါဝင်ပတ်သက်နေသူတစ်ဦးလည်း ဖြစ်သည်ဟုသိပြီးနောက်မှာ မှိုင်းသည် သူ့ကို မူလကထက်ပို၍ကာကွယ်ရမည်ဟူသော အသိဝင်သွားသည်။

ထို့ကြောင့် အခြေအနေကောင်းသည်နှင့်တစ်ပြိုင်နက် ထိုသားအဖနှစ်ယောက်ကို အထုပ်အပိုးပြင်ဆင်စေပြီး သူတို့နှင့်အတူခေါ်ဆောင်ကာ မြို့တော်သို့ပြန်လာခဲ့ကြသည်။ လမ်းတွင်ချောင်းမြောင်းအတိုက်ခိုက်ခံရနိုင်သည်ဟု တွေးဆကာ ကြိုတင်ပြင်ဆင်မှုများလုပ်ခဲ့သော်လည်း သာမန်အန္တရာယ်တချို့ကလွဲ၍ တခြားကြီးကြီးမားမားအန္တရာယ်မကြုံခဲ့ရချေ။

မြို့တော်ရှိသူတို့အိမ်တော်ဆီသို့ ပြန်ရောက်ချိန်တွင် ညနေစောင်းမှောင်ရီပျိုးစပင်ပြုနေလေပြီ။ မှိုင်းက ဦးဆောင်၍ အိမ်တော်ထဲသို့ဝင်ရောက်လိုက်ချိန်မှာ မြင်းဇောင်းနေရာတွင် အခန့်သားနေရာယူထားသော မြင်းတစ်ကောင်ကို မြင်လိုက်ရသဖြင့် မှိုင်းမှာ အံ့သြထိတ်လန့်သွားရသလို ပျော်လည်းပျော်မိသည်။

"ဇက်ဖာပါလား..။ အရှင်ရောက်နေတယ်ထင်တယ်"

ဖလွန်ဇာသည် အထိတ်တလန့်ရေရွတ်ရင်း အိမ်တော်ကြီး၏အဆောင်ခန်းများဆီသို့ ကျီးကန်းတောင်းမှောက်လိုက်ကြည့်လေသည်။ မှိုင်းကပျော်နေသော်ငြား သူကတော့ဖြင့် မပျော်နိုင်ပေ။ နွန်းသည် မှိုင်းကို သူ့ကိုအသိမပေးဘဲ ခရီးဝေးသွားခြင်းအတွက် ကျေနပ်လိမ့်မည်မဟုတ်။ ထိုသို့ဆိုလျှင် ဖလွန်ဇာသည်သာ အပြစ်မြင်ခံမည်မှာ အမှန်ပင်။

"အဲ့လောက်လည်း ပူပန်မနေပါနဲ့"

ဖလွန်ဇာ၏စိတ်သောကရောက်နေသောအမူအရာကို မှိုင်းကမြင်သွားပြီး နှစ်သိမ့်နေသော်လည်း ဖလွန်ဇာကတော့ မတည်ငြိမ်နိုင်ပေ။ နွန်းသည် သူ၏ဒေါသကို မှိုင်းအပေါ် စိုးစဥ်းမျှပင်သက်ရောက်စေလိမ့်မည်မဟုတ်ဘဲ သူ့ကိုသာ ဦးတည်လာမည်ကို ကြိုတင်သိရှိနေသောကြောင့် အစိုးရိမ်ပိုနေရပေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now