Part-45

3.4K 454 13
                                    

Unicode Version

နှုတ်ခမ်းတစ်စုံသည် အလွန်အမင်းအနိုင်ကျင့်ခံရပြီးနောက် ဖူးယောင်ကာ နီရဲရွှန်းစိုနေတော့သည်။ မှိုင်းလည်း ထူပူသွားသောနှုတ်ခမ်းသားများကို စုပိတ်ထားပြီး လွတ်ထွက်သွားသောအသိစိတ်များကို ပြန်လည်စုစည်းနေရသည်။ သူ၏နှလုံးခုန်သံများသည် ပြင်းထန်သောငလျင်တစ်ခုအလား ရမ်းခါနေပြီး အတော်ကြာသည်အထိ အရူးအမူးခုန်ပေါက်နေပေသည်။

ဗရမ်းဗတာဖြစ်နေသည့်ကြားမှ Systemထံမှ အမှတ်များတက်လာသည့် အသိပေးစာများကိုလည်း လက်ခံနေရသည်။ နွန်း၏ရင်ခုန်သံကြောင့် ဖြစ်လာသော Smart Point ရှစ်ဆယ့်ငါးမှတ်နှင့် သမားတော်ဒီဗာကို ကယ်တင်နိုင်ခဲ့သည့်အတွက် Grand Point ကိုးဆယ်ကိုလည်း ရရှိကြောင်းပင်။

အမှတ်များတက်လာသည်ကို မှိုင်းမြင်နေရသော်လည်း ယခုအချိန်မှာ အောင်ပွဲမခံနိုင်သေးချေ။ အကြောင်းမှာ သူ့ရှေ့တွင် မတ်မတ်ရပ်ကာ မတိုင်မီကအနမ်းကြောင့် တွန့်ဆုတ်ဆုတ်ဖြစ်နေသည့်ကြားကပင် အောင်ပွဲခံလိုသောအပြုံးကို ဆင်မြန်းထားသောနွန်း၏အမူအရာကြောင့်သာ ဖြစ်၏။

မှိုင်းအဖို့တော့ နွန်း၏အမူအရာကို မြင်လိုက်သည်နှင့် ဖျတ်ခနဲအကြည့်လွှဲသွားပြီး မျက်မှောင်ကြုတ်ထားမိသည်။ လက်ရှိအချိန်တွင် သူသည် ယောကျာ်းတစ်ယောက်၏ နိုင်ထက်စီးနင်းဆန်သောအနမ်းကို သနားစဖွယ်လက်ခံလိုက်ရသူတစ်ယောက်ဖြစ်လေရာ အော်ဟစ်သောင်းကြမ်းပစ်လိုက်သင့်သော်လည်း ဆန္ဒကိုသိက္ခာနှင့်ထိန်းသိမ်းနေရသည်မှာ သူ၏Missionကြောင့်လေလား။ အခြားအရာကြောင့်လေလား မဝေခွဲတတ်တော့ပေ။

ယခု သူပိုင်ဆိုင်ထားသော ခန္ဓာကိုယ်သည် သူ၏ကိုယ်ပွါးလိုပင် ဖြစ်နေသော်လည်း သူ၏ကိုယ်ပိုင်ဘဝ မဟုတ်ပေ။ ဤကမ္ဘာရှိမှိုင်းကလည်း သူသာလျှင်ဖြစ်သော်ငြား တစ်ဖက်ကမ္ဘာရှိ သူ၏ဘဝကသာ သူ့ပိုင်ဆိုင်မှုအမှန်ဖြစ်သည်ဟုသာ မှိုင်းယူဆထားသည်။

ထို့ကြောင့် နောက်ဆုံး၌ ယခုလိုရင်ခုန်သံများဖရိုဖရဲဖြစ်သွားရခြင်း၏ အကြောင်းအရင်းကိုလည်း မူလမှိုင်း၏လွှမ်းမိုးမှုများကြောင့်ဟု သူကောက်ချက်ချလိုက်ပြီး ထိုကိစ္စကိုများများစားစားမတွေးတော့ချေ။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now