Part-14

6.7K 787 13
                                    

Unicode Version

မဟူရာရောင်တောက်နေသောကောင်းကင်နောက်ခံ၌ ငွေမင်ရောင်တဖိတ်ဖိတ်လက်နေသော ကြယ်အစုအတန်းလိုက်အစီအရီနေရာယူထားပုံမှာ ပွဲတော်နေ့ကိုအလှဆင်၍ကောင်းချီးပေးနေသည့်အလား။ သဘာဝက ကောင်းချီးပေးထားသော ဤညချမ်းကလည်း အေးချမ်းမှုအတိပြီး၏။

ငြိမ်းချမ်းရေးပွဲတော်ဟူသောအမည်နာမနှင့် လိုက်ဖက်စွာပင် လူနှင့် မိစ္ဆာများဟာ အတူယှဉ်တွဲ၍ ပျော်ရွှင်နေကြသည်။ သမိုင်းအထောက်အထားများနှင့် သက်သေများကိုအခြေခံ၍ ငြိမ်းချမ်းရေးပွဲတော်ဖြစ်တည်လာပုံကို ဖော်ပြသည့်ပြဇာတ်များကိုလည်း ပန်းချီဖြင့် သရုပ်ဖော်၍သော်လည်းကောင်း၊ တေးသရုပ်ဖော်၍သော်လည်းကောင်း၊ သရုပ်ဆောင်ပုံဖော်၍သော်လည်းကောင်း အမျိုးမျိုးအဖုံဖုံ ပြသကြသည်။

ပုံမှန်အချိန်ဆိုလျှင် တစ္ဆေများနှင့်မိစ္ဆာများကို ကြောက်ရွံ့တတ်ကြသူများကပင် ယနေ့၌ သာမန်အသွင်အပြင်များဖြင့်ရောက်လာကြသောမြေအောက် လောကသားများကြောင့် ကြောက်စိတ်များလျော့ပါးကာစိတ်လက်ပေါ့ပါးနေကြသည်။ ဤပွဲတော်သို့ရောက်လာသောမိစ္ဆာမှန်သမျှသည် အန္တရာယ်ပေးမည့်သူများမဟုတ်ကြောင်း သိရှိပြီး၍ပင်။

ရာသီဥတုက မိုးနံ့သင်းသောလေပြည်ကြောင့် အေးစိမ့်စိမ့်ဖြစ်လာချိန်အထိ ပွဲတော်ရှိလူထုဟာလျော့ကျမသွားချေ။

အဖြူရောင်ရဲတိုက်၏ အရှင်သခင်နှစ်ဦးမှာလည်း ပြည်သူလူထုများအကြားတွင် ရောထွေးကာ ကိုယ်ပိုင်ပျော်ရွှင်မှုများကို ကိုယ်စီရှာဖွေနေကြသည်။

မှိုင်းဟာ နီလာရောင်လဲ့နေသောမျက်နှာဖုံးကိုတပ်ဆင်ထားပြီး နွန်းကိုယ်တိုင် ရွေးချယ်ပေးထားသောဝတ်စုံကိုဆင်မြန်းထားသည်။ နွန်းကတော့ မိုးပြာရောင်မျက်နှာဖုံးကို ပတ္တမြားရောင်ဝတ်ရုံနှင့်တွဲဖက်ဝတ်ဆင်ထားလေသည်။

သူတို့နှစ်ဦး၏အနောက်နားတွင် ဖလွန်ဇာနှင့်ဒီဗဲလ်ရာကလည်း ခပ်ဆိတ်ဆိတ်လိုက်ပါလာသေးသည်။ သူတို့နှစ်ယောက်ကို နွန်းက အထူးအခွင့်အရေးအနေနှင့် ပွဲတော်လည်ပတ်ခွင့်ပေးထားသော်လည်း တာဝန်ကိုအသက်တမျှအလေးထားသော ထိုနှစ်ဦးကတော့ လည်ပတ်နေချိန်မှာပင် စောင့်ရှောက်ခွင့်ကိုပါ ပူးတွဲလုပ်ဆောင်ခွင့်တောင်းထားသဖြင့် နွန်းက ခပ်လှမ်းလှမ်းတွင် နေ၍လိုက်ပါစေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now