Part-43

3.4K 444 7
                                    

Unicode Version

ကြာပန်းရနံ့များထုံမွှန်းနေသော ရေကန်၏ဘောင်အနားသတ်လေးတွင် ထိုင်ကာ ရေမျက်နှာပြင်ထက်၌ ထင်ဟပ်နေပါသော တရွေ့ရွေ့လှုပ်ရှားသွားလာနေသည့် တိမ်တိုက်ဖြူဖြူနှင့် ယင်းကိုလှပစွာတန်ဆာဆင်ပေးထားပါသော ကောင်းကင်ပြာကြီးတို့၏ပုံရိပ်ကို မှိုင်းတစ်ယောက် အကြောင်းမဲ့ငေးမောနေမိသည်။ လေပြည်သည် ပူလောင်မွန်းကြပ်နေသောစိတ်အစဥ်ကို အေးချမ်းစေရုံလောက်မျှ ပမာဏနှင့်သာ သူ၏ခန္ဓာကိုယ်ကို ပွတ်သပ်ကျီစယ်နေလေရာ လေအဝှေ့ကြောင့် နားသယ်စပ်အနားမှ ဆံနွယ်စလေးများ လွန့်လူးနေပုံမှာ ညနေ၏ဆည်းဆာအလှကို ပို၍ပြီးပြည့်စုံသွားစေ၏။

ထိုအလှတရားများကို သတိမမူမိသူဖြစ်သောမှိုင်းကတော့ ရေမျက်နှာပြင်ထက်ကိုသာ အကြည့်ပို့ထားပြီး ခေါင်းထဲမှာလည်း အတွေးများစွာ ပလုံစီနေလေသည်။ သူ၏လက်ထဲတွင် စာလွှာတစ်ခုရှိနေပြီး ထိုစာလွှာထဲမှအကြောင်းအရာသည် ယခုလို သူ့ကိုအတွေးပင်လယ်ထဲ၌ လက်ပစ်ကူးနေစေသည်သာ။

"ကတိကဝတ်ကျိန်စာ.."

မှိုင်းသည် သမားတော်ဟောင်းဒီဗာ၏အကူအညီဖြင့် သူ၏မိဘများသေဆုံးရခြင်း၏ နောက်ကွယ်ကအကြောင်းတရားများကို ရှာတွေ့ခဲ့လေပြီ။ နေတလူပန်း အဆိပ်ဖြစ်သွားလျှင် အစားအစာများနှင့်ရောနှောလိုက်ပါက အဆိပ်ဟုပင်မသိသာစေဘဲ အကျိုးသက်ရောက်မှုမှာလည်း အလွန်နှေးသည်။ သို့သော် နေ့စဥ်ရက်ဆက်စားသုံးမိပါက ရောဂါရှာမရဘဲ သေဆုံးခြင်းသို့ဆိုက်စေ၏။

တရားခံကို မှိုင်းရိပ်မိသင့်သလောက် ရိပ်မိနေပြီဖြစ်သော်ငြား အတည်ပြုရန်လည်း လိုအပ်သေးသည်။ ထို့အပြင် လတ်တလောတွင်ဖြစ်ပျက်သွားသောကိစ္စများသည် အချိတ်အဆက်ရှိနေရမည်ဟု တထစ်ချယုံကြည်နေမိသောသူဟာ ကိစ္စတချို့ကိုလည်း ဆက်စပ်တွေးခေါ်မိသွားသည်။

သူ့အားအသေသတ်ရန်အထိ ကြံစည်ခဲ့သောကျိန်စာနှင့် သမားတော်ဒီဗာ၏ သမားရိုးကျမဆန်သောကတိကဝတ်ကျိန်စာတို့သည် မှိုင်းအတွက် စဥ်းစားရကြပ်သောပုစ္ဆာတစ်ပုဒ်ဖြစ်နေသည်။ ကျိန်စာနှစ်ခုလုံးသည် King Makerတို့၏ကျိန်စာတိုက်နည်းကို အခြေခံထားသော်လည်း ပြန်လည်ပြင်ဆင်ချက်များပါနေလေသည်။ မှိုင်းမှာ ထိုကိစ္စကိုအဖြေရှာရန် ဤရက်ပိုင်းအတွင်း ကျိန်စာကျွမ်းကျင်သူများနှင့် တွေ့ဆုံကာ ကတိကဝတ်ကျိန်စာ၏အခြေခံသဘောတရားများကို ဆန်းစစ်စေခဲ့သည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now