Part-33

4.2K 557 13
                                    

Unicode Version

မရဏအရှင်၏အသွင်သည် ယခင်မြင်ဖူးနေကျအချိန်များနှင့် မတူဘဲ တမူထူးခြားနေပေသည်။ ပခုံးထက်တွင် စင်းကျနေတတ်သည့် လှိုင်းတွန့်သဏ္ဍာန်ဆံစများကို ယနေ့တွင် ဦးခေါင်းထက်၌ စုဖွဲ့ကာထုံးထားပြီး ထိုဆံပင်အစုအထုံးလေးကို ရွှေငါးသဏ္ဍာန်ကြေးပြားလေးနှင့် အလှဆင်ထားသော ဆံထိုးငယ်နှင့် ချိတ်တွဲလျက်ပြင်ဆင်ထားပေသည်။

ဆံထိုးဟူသော အဆောင်အယောင်သည် အသုံးမတတ်လျှင် မိန်းမဆန်နိုင်သော်ငြား မရဏအရှင်၏ အပြင်အဆင်မှာမူ မူလကအရိုင်းဆန်သည့် သူ၏အသွင်အပြင်ကို ထိုဆံထိုးက နည်းနည်းမျှဖျက်စီးခြင်းမရှိ။ ဤကဲ့သို့သော အပြင်အဆင်သည် အရိုင်းဆန်သည့် ဆွဲဆောင်မှုတွင် နူးညံ့မှုတစ်ဖြာ တံဆိပ်ကပ်နှိပ်ထားသည့်နှယ်။

"မရဏအရှင်.."

"အားလုံးအဆင်ပြေကြရဲ့လား။ သခင်လေးမှိုင်းကို အရှင်နွန်းက အတော်စိတ်ပူနေတာ"

မရဏအရှင်သည် စကားပြောနေရင်း မှိုင်း၏အခြေအနေကို အကဲခတ်ရန်လည်း မမေ့။ စကားလည်းအပြောမပျက်သလို တည်တည်ငြိမ်ငြိမ်နှင့်မှိုင်း၏ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်ဒဏ်ရာရှိမရှိကိုလည်း မတုံ့နှေးဘဲ စစ်ဆေးနေ၏။

အားလုံးအဆင်ပြေကြောင်းသေချာမှသာ သူ၏အကြည့်သည် မှိုင်း၏မျက်နှာထံသို့ ပြန်ရောက်လာသည်။

"အရှင်က ကျွန်တော်တို့အလစ်ဝင်တိုက်ခံရမှာကို သိနေတာလား"

"အင်း..။ ကြည့်ရတာ သူလည်း ဗြုန်းစားကြီးသိလာရတာထင်တယ်။ ကျုပ်က သူ့ဆီကို ဆွေးနွေးချင်တာလေးတွေရှိလို့ သွားရှာတော့ သူအလောတကြီးဖြစ်နေတာကို တွေ့တာပဲ။ ဒီတော့ ကျုပ်လည်းအခြေအနေမေးကြည့်တာပေါ့။ သူက 'မှိုင်း အန္တရာယ်နဲ့ကြုံနေပြီ' လို့ ပြောပြီး ကျုပ်ကို အကူအညီတောင်းလို့ အခုလိုစစ်ကူလွှတ်လိုက်ရတာပါပဲ"

အကြောင်းစုံကို သိရလေသောအခါမှ မှိုင်းလည်း ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်မိသည်။ သို့သော် တစ်ဖက်တွင်လည်း နွန်းအန္တရာယ်ကင်းသည်ဟု သိရသဖြင့် စိတ်အေးရသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now