Part-65 (Arc-2)

4.5K 447 30
                                    

Unicode Version

ကြမ်းပြင်အနှံ့မှာ ပြန့်ကြဲကာကျနေပါသော ပစ္စည်းပစ္စယမျိုးစုံကိုကြည့်ရင်း သူ၏စိတ်အစဥ်မှာလည်း ပြန့်ကြဲလျက်ရှိသည်။

နက်ရှိုင်းသောဆန္ဒတို့ကသာ ဤကဲ့သို့သောအလှည့်အပြောင်းမျိုးကိုဖြစ်စေသည်တဲ့လား။ သူသည် သူနှင့်ထိုလူသား၏ လွဲချော်စေသောကံကြမ္မာကို ပြောင်းလဲချင်ခဲ့သည်။ ထိုဆန္ဒသည် ဤမျှနက်ရှိုင်းသွားသည်တဲ့လား။

"လောကကြီးကဆန်းကြယ်လိုက်တာ..."

မူလကမ္ဘာကို ပြန်ရောက်တော့မည်ဟူသောအသိက ရိုက်ချိုးခံလိုက်ရ၍ မတည်မငြိမ်ဖြစ်နေသည့်စိတ်အစဥ်မှာ ယခုတော့ငြိမ်သက်သွားလေပြီ။

သူသည် တုံးအသူတစ်ယောက်မဟုတ်။ ကမ္ဘာတစ်ခုတွင် Missionထမ်းဆောင်ပြီးစီးခဲ့သူအနေနှင့် System၏လုပ်ထုံးထုပ်နည်းများနှင့် ရင်းနှီးနေပြီဖြစ်ရာ ရှေ့ဆက်ပြီးလုပ်ရမည့်အရာများကို ခပ်ရေးရေးမျှသဘောပေါက်လိုက်ပြီဖြစ်၏။

"ရှယ်လီ ဒီတော့ ငါ့ရဲ့missionကဘာလဲ"

"လွတ်မြောက်ဖို့ပါ"

မပြည့်စုံသောစကားလုံးတို့၏ အဓိပ္ပါယ်ကို မှိုင်းနားမလည်ပေ။

"ဘာကနေ လွတ်မြောက်ရမှာလဲ"

"လူကြီးမင်းအပြင်ထွက်ကြည့်တဲ့အခါ သိပါလိမ့်မယ်"

ထူးဆန်းသောစကားများကြောင့် မှိုင်းမှာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဥာဏ်များကို ဆန်းစစ်လိုက်သော်လည်း ဗလာနတ္ထိ။

"မှတ်ဥာဏ်တွေကရော ဘယ်တော့ရမှာလဲ"

"ခေတ္တနှောင့်နှေးမှုဖြစ်စဥ်ကြောင့်ပါ။ မကြာခင် ရပါလိမ့်မယ်"

"ကောင်းပြီ"

မှိုင်းဟာ ရှုပ်ပွနေသောဧည့်ခန်းအနှံ့ကို စိတ်မသက်သာစွာအကြည့်ဝေ့လိုက်သည်။ တစ်ခန်းလုံးမှာ မုန်တိုင်းဝင်မွှေသွားသလို မွစာကြဲနေပြီး နေချင်စရာပင်မရှိ။

ထို့ကြောင့် အပြင်ထွက်၍ လေကောင်းလေသန့်ရှူရင်း အခြေအနေကိုအကဲခတ်ရန်ဆုံးဖြတ်ပြီး ဝတ်ထားသောအဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။ တီရှပ်အဖြူရောင်သည် တွန့်ကြေနေပြီး အဖြူရောင်ဟုပင်မခေါ်ထိုက်အောင် ညစ်ပေနေလေပြီ။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now