Part-32

4.2K 552 6
                                    

Unicode Version

ကောင်းကင်ထက်၌ လမင်းတစ်စင်းလုံး တောက်ပစွာ ထိန်သာလာချိန်တွင် အဆောင်တော်ထဲရှိ မှိုင်းသည် ပြတင်းတံခါးကိုဖွင့်ကာ လောကတစ်ခွင်ကို ဖြာကျနေသော လရောင်တို့အား ခန်းမဆောင်ထဲကိုပါ ကျရောက်စေသည်။ ပြတင်းတံခါးကို ဖွင့်ထားလိုက်သည်နှင့် အပြင်၌ ဝေ့ဝဲ၍တိုက်နေသော လေပြည်တို့ကလည်း တဖြူဖြူးဝင်ရောက်လာလေသည်။

လရိပ်ဖြာကျရာနေရာတွင် ရေကန်ငယ်တစ်ခုကို အဆင်သင့်ချထားပြီး ထိုရေကန်ငယ်ထဲ၌ မတိုင်ခင်က ခူးယူလာခဲ့သော နတ်သမီးသဏ္ဍာန်ပန်းများကို ဂရုတစိုက်ထည့်ထားလိုက်သည်။ ဤသည်မှာ ပုရပိုက်ထဲတွင်ပါရှိသော နတ်သမီးကို လရိပ်လှုံနည်းသာ ဖြစ်ပေသည်။

ရှေးဟောင်းစာအုပ်များထဲမှ မှိုင်းရှာဖွေတွေ့ရှိခဲ့သည်မှာ ဤပန်းသည် နေတလူပန်းဖြစ်ပြီး နေမင်း၏စွမ်းအားကို ဆက်ခံထားသောကြောင့် အလွန်အစွမ်းထက်သော ဆေးဖက်ဝင်အပင်ဟု ဆိုထားသည်။

သို့သော် တော်ဝင်သမားတော်ကတော့ဖြင့် ဤပန်းကို သူ့မိဘများသေဆုံးရခြင်း၏ အကြောင်းအရင်းဟု ညွှန်းဆိုထားလေရာ မှိုင်းလည်း ဇဝေဇဝါဖြစ်ရသော်လည်း စုံစမ်းဖော်ထုတ်မှုကိုလည်း မတုံ့ဆိုင်းဘဲ ဆက်လုပ်ခဲ့သည်။

မှိုင်းသည် ရေကန်ငယ်ထဲရှိ ရေပြင်ထဲတွင် နစ်မြှုပ်သွားလေပြီဖြစ်သော နေတလူပန်းကို စိုက်ကြည့်ရင်း သေချာအကဲခတ်နေသည်။ ထိုပန်းသည် ပုရပိုက်ထဲကအတိုင်း လေဓာတ်လည်း ကြွယ်ဝနေပြီး ရေဓာတ်လည်း ပြည့်စုံနေလေပြီ။ လရောင်သည်လည်း ထိုပန်းပေါ်သို့ ချွင်းချက်မရှိဖြာကျနေပေပြီ။

ထိုအနေအထားအတိုင်း တစ်ညလုံးထားရမည်ဖြစ်ရာ မှိုင်းက ဘေးဘီဝဲယာ၌ ထိုအနေအထားကို နှောင့်ယှက်မည့်တစ်စုံတစ်ရာမှ မရှိသည်ကို အတည်ပြုပြီးမှ အိပ်ရာဝင်ရန် ပြင်လိုက်သည်။

ယနေ့အတွက် သူသည် ညီလာခံတွင် အောင်ပွဲဆင်နိုင်ခဲ့သလို Systemထံမှ အမှတ်များလည်း ရခဲ့သောကြောင့် ပြီးပြည့်စုံသောနေ့ဖြစ်ခဲ့သည်ဟု ဆိုနိုင်သော်ငြား တစ်စုံတစ်ခုလစ်ဟာနေသလို ခံစားချက်ကလည်း ရင်ထဲတွင် ပြည့်သိပ်နေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now