Part-26

4.8K 618 18
                                    

Unicode Version

နွန်း၏အဆောင်တော်ထဲတွင် နွန်းနှင့်အတူ မှိုင်း၊ဖလွန်ဇာနှင့် ဒီဗဲလ်ရာတို့သည် စားပွဲတစ်ခုတည်း၌ ဝိုင်းဖွဲ့၍ထိုင်ကာ ဒီဗဲလ်ရာ၏ခရီးတစ်လျှောက် ကြုံခဲ့ရသည့်ကိစ္စများကို နားထောင်နေကြသည်။ မှိုင်းကမူ နွန်း၏အစိုးရိမ်ပိုမှုကြောင့် အခြားလူများလို အေးဆေးနားမထောင်ရဘဲ အထူးပြုလုပ်ပေးထားသော စွပ်ပြုတ်ပူပူကို သောက်နေရလေသည်။

"အရှင် ကျိန်စာပစ္စည်းနဲ့ပတ်သက်ပြီး အဖြေရှာဖို့ ကျွန်တော်မျိုး တာအီပြည်နယ်ထဲက နေရာတော်တော်များများကို တိတ်တဆိတ်ခြေဆန့်ခဲ့ရပါတယ်။ လည်ဆွဲမှာတွေ့ရတဲ့လက်ရာက နာမည်ကြီးပညာရှင်တစ်ဦးရဲ့ မူပိုင်လက်ရာဖြစ်တာကြောင့် ရှာလို့သိပ်မခက်ခဲ့ပါဘူး။ အဲ့ဒီလူကလည်း ကျွန်တော်မျိုးတို့မေးသမျှကို လိုလိုလားလားဖြေကြားပေးခဲ့ပါတယ်။ ဒီလည်ဆွဲမျိုးကို သူက နှစ်ကြိမ်တိတိပဲ ထုတ်လုပ်ခဲ့ရပါတယ်တဲ့"

"ဘယ်နေရာတွေလဲ"

"လွန်ခဲ့တဲ့နှစ်တွေတုန်းက တာအီမြို့စားဟောင်းက သူ့ရဲ့ဇနီးအတွက် မွေးနေ့လက်ဆောင်ဆိုပြီး ဒီလည်ဆွဲကိုလုပ်ပေးဖို့ သူ့ကိုအပ်ခဲ့ပါတယ်။ ဆွဲကြိုးက အရမ်းလက်ရာမြောက်တာကြောင့် သူ့ဇနီးအတွက် တစ်ခုလက်ဆောင်ပေးပြီးနောက်မှာ နောက်တစ်ခုကို ခိုးကြောင်ခိုးဝှက်ထပ်လုပ်ခိုင်းခဲ့လို့သိရပါတယ် အရှင်။ ဒါပေမယ့် အဲ့ဒီတစ်ခုက ဘယ်သူ့အတွက်လဲဆိုတာကို ဘယ်သူမှမသိခဲ့ရပါဘူး။ ကျွန်တော်တို့ဆီမှာရှိတဲ့တစ်ခုက မြို့စားဟောင်းရဲ့ဇနီးပိုင်တဲ့လည်ဆွဲဟုတ်မဟုတ် ဆက်ပြီးအတည်ပြုချင်ပေမယ့် အခက်အခဲလေးတစ်ခုရှိခဲ့တာကြောင့် နောက်ဆုတ်ခဲ့ရပါတယ်"

နွန်းသည် ဒီဗဲလ်ရာ၏စကားကို ဂရုတစိုက်နားထောင်ရင်း စားပွဲကို လက်ညှိုးနှင့် ဖိတောက်ရင်း အတွေးနယ်ချဲ့နေလေသည်။ ရဲတိုက်ထဲတွင် ဖြစ်ပွါးခဲ့သောအရှုပ်အထွေးသည် ယခုမူ တာအီပြည်နယ်၏မြို့စားဟောင်းနှင့်ပါ ပတ်သက်ဆက်နွယ်လာလေပြီဖြစ်ရာ နွန်းအတွက် ပိုပြီးကြီးမားသောပဟေဠိတစ်ခုဖြစ်လာလေပြီ။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now