Part-73

2.3K 336 6
                                    

Unicode Version

မှိုင်း၏အစီအစဉ်များသည် တစ်ဆင့်ပြီးတစ်ဆင့်ဆက်သွားနေချိန်မှာ မှိုင်း စုဆောင်းထားသည့် လျှို့ဝှက်စစ်သည်များကလည်း သူတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်။

လူတိုင်းဟာ သူတို့အစီအစဉ်နှင့် သူတို့အလုပ်ရှုပ်နေချိန်မှာ မှိုင်း၏စနက်ကြောင့် အကြီးအကဲကိုယ်တိုင်လည်း ခေါင်းခဲနေရရှာသည်။

အကြီးအကဲသည် သူ ခရီးထွက်စဉ်က လုပ်ကြံခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး မှိုင်းအား အာဏာကုန်လွှဲပြောင်းထားပြီးဖြစ်ရာ မှိုင်းကလည်း ထိုအချက်ကို အခွင့်ကောင်းယူ၍ သူရည်ရွယ်ထားသော အစီအစဉ်ကို အရှိန်တိုးမြှင့်လိုက်ပေသည်။

တစ်ဖက်ခေါင်းဆောင်အား စစ်ဆေးမေးမြန်းထားသည့်ရလဒ်အရ အရှေ့ဘက်ပိုင်းရှိ နယ်စပ်ဒေသများတွင် ပုန်ကန်သူတချို့ စုဝေးနေသည်ဟူသော သတင်းကို အကြီးအကဲအား အသိပေးပြီးနောက် သူ၏လျှို့ဝှက်စစ်သည်များကိုလည်း အရှေ့ပိုင်းကို စေလွှတ်ခဲ့သည်။

သူတို့၏ပဏာမအစီအစဉ်များသည် အကြီးအကဲ၏အင်အားအစုအဝေးကို တဖြည်းဖြည်းခွဲထုတ်ရန်ဖြစ်သည်။ အကြီးအကဲ၏အင်အားကို အဓိကထောက်ပံ့ပေးသူများတွင် အရှေ့ပိုင်းဒေသ၏ ခေါင်းဆောင်သည် ထိပ်ဆုံးကနေရာယူထားလေရာ အကြီးအကဲနှင့် ထိုခေါင်းဆောင်ကိုခွဲထုတ်ပစ်ရန်မှာ သူတို့နှစ်ဦးအကြား သဘာဝကျကျသွေးတိုးပေးဖို့သာ ဖြစ်သည်။

လွယ်လင့်တကူ လက်တွဲဖြုတ်ကြမည့်လူများ မဟုတ်သည့်အတွက် အချင်းချင်းသံသယဝင်လာဖို့ကလည်း ခက်ခဲလေရာ ထိုအခြေအနေကိုရောက်ဖို့ တစ်ဆင့်ချင်းစီ စိတ်ရှည်လက်ရှည်သွားရမည်သာ။

"လီယွန်"

ပုန်ကန်မှုဟူသောအရာသည် အကြီးအကဲတိုင်း လျစ်လျူမရှုနိုင်သည့် ကိစ္စဖြစ်သည့်အားလျော်စွာ စိုးရိမ်ပူပန်မှုကို မထိန်းချုပ်နိုင်သည့်အကြီးအကဲဟာ မှိုင်းအား စာဖတ်ခန်းထဲအထိဖိတ်ခေါ်ကာ တိတ်တဆိတ်ဆွေးနွေးမှုကို ပြုလေ၏။

"​ဘာကိစ္စများလဲ အကြီးအကဲ"

"အရှေ့ဘက်ပိုင်းမှာ ပုန်ကန်သူတွေကို ရှာဖွေဖမ်းဆီးဖို့ ငါအမိန့်ထုတ်ထားတယ်။ ဒါပေမယ့် ဒီလောက်ပဲကြာနေပြီ။ အခုအချိန်အထိ ရှာမတွေ့ဘူးဆိုတော့ ငါတို့ရထားတဲ့သတင်းက လမ်းများလွဲနေသလား"

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now