Part-49

3.1K 437 9
                                    

Unicode Version

စင်မြင့်ပေါ်တွင် နွန်းအပါအဝင် အခြားအမျိုးသားနှစ်ယောက်လည်း မီယာနှင့်အတူ ရှိနေကြသည်။ မှိုင်းသည် နွန်းအတွက်ရတက်မအေးဖြစ်နေဟန်နှင့် တစ်လျှောက်လုံး မီယာကိုသေချာစူးစမ်းနေပြီး ကြိုတင်မှန်းဆ၍မရသော အခြေအနေကြောင့် အရေးပေါ်ကိစ္စဖြစ်လာခဲ့လျှင် ချက်ချင်းလှုပ်ရှားနိုင်စေရန် စစ်သည်များကို အသင့်အနေအထားယူခိုင်းထားသည်။

သို့သော် နွန်း စင်မြင့်ပေါ်မှဆင်းလာသည့်အချိန်အထိ ထူးထူးဆန်းဆန်းမဖြစ်ပျက်ခဲ့ချေ။ ထို့ကြောင့် အိမ်ပြန်လမ်းကိုသာ အထူးသတိထား၍ ပြန်ရတော့မည်ဖြစ်ကြောင်း သူတို့အားလုံးသဘောပေါက်လိုက်သည်။

"အရှင် အဆင်ပြေရဲ့လား"

ဒီဗဲလ်ရာသည် သူ့အရှင်၏အခြေအနေကို အမြဲအကဲခတ်နေရမည်ဖြစ်ရာ နွန်းပြန်ရောက်လာသည်နှင့် မရှေးမနှောင်းမှာပင် မေးခွန်းထုတ်လိုက်သည်။ နွန်းကလည်း အလွန်အမင်းစိုးရိမ်ပိုနေကြသော သူတို့ကိုကြည့်၍ ခေါင်းတခါခါနှင့်ပြန်ဖြေရှာသည်။

"ဘာမှမဖြစ်ပါဘူး။ အပြန်လမ်းကျမှ စိုးရိမ်ဖို့ချန်ထားပါဦး"

နောက်စကားတစ်ခွန်းသည် မှိုင်းဘက်သို့ ဆတ်ခနဲလှည့်၍ ပြောလိုက်ခြင်းဖြစ်ရာ မှိုင်းကလည်း ကြောင်တိကြောင်အမ်းဖြစ်သွားရရှာသည်။

"အန္တရာယ်ကကြိုမြင်နိုင်တာမှ မဟုတ်ဘဲလေ"

"သခင်လေးပြောတာ မှန်ပါတယ် အရှင်..။ အခုကစပြီး သတိကြီးကြီးထားပြီး နေရပါလိမ့်မယ်။ ရန်သူကို လျှော့မတွက်တာ အကောင်းဆုံးပါပဲ"

နွန်းကတော့ ဤမျှကိစ္စလေးကို အသေးအဖွဲဟုတွေးနေဟန်ရှိသော်လည်း မှိုင်းကတော့ ဤကိစ္စသည် သူတို့အဖြေရှာနေသည့် ကိစ္စရပ်များ၏ အလွန်တရာကြီးမားသောကွင်းဆက်တစ်ခုဖြစ်မည်ဟု ထင်နေမိသည်။ ထိုသို့ထင်ရသည်မှာလည်း အကြောင်းရှိ၏။

မီယာဟူသောအမျိုးသမီးငယ်သည် မတိုင်မီက သူခန့်မှန်းထားခဲ့သည့် ဝိညာဥ်ကူးပြောင်းလာသူဟူသော အချက်အတွက် သံသယတရားခံဖြစ်နေသည်။ ဤသည်ကို မှိုင်းသည် မသေချာသေး၍ စိတ်ထဲမှာသာထားပြီး မည်သူ့ကိုမျှထုတ်မပြောချေ။ ထုတ်ပြောလျှင်လည်း အချည်းနှီးသာဖြစ်မည်ဆိုသည်ကို သိနှင့်ပြီး၍ပင်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now